သရက်ချောင်း မေ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ဆွမ်းတော်ကြီးကပ် လှူပူဇော်ပွဲ မဟာပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ခြင်းနှင့် ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၅နာရီခွဲ အချိန်မှ စ၍ သရက်ချောင်းမြို့၊ ရတနာအောင်သိဒ္ဓိမြို့ ဦးစေတီမြတ်ကြီး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ဝတ်ရွတ်အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖတို့က အဆိုပါ စေတီတော်၏ အရှေ့၊ အနောက်၊ တောင်၊ မြောက်မုဒ်အရပ်တို့တွင် နံနက် ၅ နာရီခွဲ အချိန်က ဆွမ်းတော်ကြီးတင် လှူပူဇော်ပွဲကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် နံနက် ၆နာရီ ၁၅ မိနစ်အချိန်တွင် အခမ်းအနား တက်ရောက်လာကြသူများက နမောတဿ(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး သြကာသကန့်တော့ချိုးနှင့် ကန်တော့၍ သရဏဂုံသုံးပါးနှင့် ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ နတ်များပင့်ဖိတ်ခြင်းနှင့် မေတ္တာသုတ်တော် ရွတ်ဖတ်ပူဇော်ခြင်း၊ မဟာပဌာန်းဒေသနာတော် ရွတ်ဖတ်ခြင်း၊ မေတ္တာပို့၊ အမျှဝေ၊ နတ်ပို့ပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိတ်သတ်အပေါင်းတို့မှ ရတနာအောင်သိဒ္ဓိမြို့ဦးစေတီမြတ်ကြီး၏ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ ညောင်ရေသွန်းလောင်းအပြီးတွင် စတုဒီသာကြာဇံချက်ဖြင့် ကျွေးမွေးဧည့်ခံပြီးနောက် ကြွရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများ၊ ဧည့်ပရိတ်သတ်အပေါင်းတို့က အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)