ဂန့်ဂေါ မေ ၃
ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ ဂန့်ဂေါမြို့မြောက်ကုန်းရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေပြည်ဆိပ်ဦးဘုရားတွင် ကဆုန်ညောင်ရေသွန်းလောင်းပွဲကို ယနေ့နံနက် ၇ နာရီကပြုလုပ်ရာ အခမ်းအနားကို နမောတဿဘုရားရှိခိုးဖြင့်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ မြို့ခင်းသာ ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇဋိလထံမှ ရှစ်ပါးသီလကို ခံယူဆောက်တည်ကြကာ သံဃာတော်များထံမှ ပရိတ်တရားတော်မြတ်ကို နာယူကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးရဲရန်ပိုင်တို့နှင့် တာဝန်ရှိသူများ၊ ရွှေပြည်ဆိပ်ဦးဘုရားဂေါပကအဖွဲ့ဝင်များ၊ စေတနာရှင်များတို့က ကြွရောက်တော်မူလာကြသည့် သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဝတ်အသင်းများက ဆရာတော်များအား ဖွားပွင့်ဟောစံ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့နှင့်စပ်လျဉ်း၍ ချီးကျူးပူဇော်ကြသည့် ဂါထာတော်များရွတ်ပွါးပူဇော်ကြကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက်တက်ရောက်လာကြသူများသည် ဗောဓိပင်၌ ဗုဒ္ဓဆင်းထုတော်များအား ရေသပ္ပာယ် ကြပြီး ပဌာန်းမြတ်ဒေသနာတော်များကို ရွတ်ပွားပူဇော်ကြသည်။
ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ရွှေပြည်ဆိပ်ဦးမြတ်စွာဘုရားကို ညနေ ၅ နာရီထိဖွင့်လှစ်မည် ဖြစ်ကြောင်းနှင့် တစ်ဦးချင်းဖြစ်စေ၊ အစုအလိုက်ဖြစ်စေ၊ ဌာန၊ ရပ်ကွက်များအလိုက်ဖြစ်စေ၊ ဗောဓိပင်၌ ညောင်ရေသွန်းလောင်းနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)