ဟင်္သာတ မေ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့ နံနက် ၇ နာရီက ဘုရားကြီးရပ်ကွက်၊ ငါးမျက်နှာစေတီတော်မြတ်ကြီးတွင် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟင်္သာတမြို့ပေါ်ရှိ သံဃာတော်(၄၄၀)ပါးနှင့် သီလရှင်(၁၀၀) ပါး၊ စုစုပေါင်း(၅၄၀)ပါးတို့အား လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ကြွရောက်တော်မှုလာကြသော ဆရာတော်ဃံဃာတော်များ နှင့်သီလရှင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်များက နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဟင်္သာတမြို့၊ ရွှေကျောင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဟင်္သာတမြို့နယ်သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် ဘဒ္ဒန္ဒ ဥူးကောဝိဒထံမှ ငါးပါသီလခံယူဆောက်တည်ကာဆရာတော်များမှ အန္တရာယ်ကင်း ပရိတ်တရား တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ခရိုင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများမှ ဆရာတော်၊ သံဃာတော်များအား သင်္ကန်းပရိက္ခရာနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းပြီးနောက် ရေစက်သွန်းချအမျှပေးဝေခြင်းများ ဆောင်ရွက်ကာ ငါးမျက်နှာဘုရားကြီး၏ စောင်းတန်းများ၌ ပြင်ဆင်ထားရှိသည့် ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ မြို့ပေါ်ရပ်ကွက်များ၊ အလှူရှင်များမှ လှူဒါန်းကြသော ဆွမ်းဆန်တော်များနှင့်လှူဖွယ်ဝတ္ထုများအား ပင့်ဖိတ်ထားရှိသည့် သံဃာတော်များ၊ သီလရှင်များမှ ကျောင်းများအလိုက် ကြွရောက်အလှူခံတော်မူခဲ့ကြသည်။
အဆိုပါ ဆွမ်းဆန်တော် လောင်းလှူပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့် သန်းဝင်းနှင့်အဖွဲ့ဝင်များ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများမှအကြီးအကဲများ ဝန်ထမ်းများ၊ အလှူရှင်များ၊ မြို့ပေါ်ရပ်ကွက် (၂၁)ရပ်ကွက်မှ အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကွက်ပြည်သူများ၊ ဆွမ်းဆန်တော် လောင်းလှူသူများ၊ စုစုပေါင်း (၁၆၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)