ထားဝယ် မေ ၃
ကဆုန်လပြည့်နေ့ ( ဗုဒ္ဓနေ့ )ယနေ့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော ဘာသာရေးနေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည့် အခါအားလျော်စွာ ထားဝယ်မြို့၏ အထင်ကရ တစ်ခုဖြစ်သော ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ယနေ့ နံနက်ပိုင်း၌ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိသည်ကိုတွေ့ရသည်။
ကဆုန်လပြည့်နေ၏ ထူးခြားချက်မှာ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း ဆိုသည်နှင့်အညီ သုံးလောက ထွတ်ထားသဗ္ဗညုမြတ်စွာဘုရား ဗျာဒိတ်ခံယူသောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ဘုရား ဖြစ်တော်မှုသောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ဟူသည့် ထူးခြားချက်လေးမျိုးနှင့်ပြည့်စုံသောကြောင့် ဤနေ့ကို ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ဟု ခေါ်ဆိုခဲ့ကြသည်။
ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂ စေတီ ထိုက်သောဗောဓိညောင်ပင်ကို ရေသွန်းလောင်းလေ့ရှိကြသည်။ ဗောဓိပင်သည် သဗ္ဗုညုတ ဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်းကြောင့် ဖွားဖက်တော်ခုနှစ်ပါးတွင် စာရင်း ဝင်သည့် ထူးခြားသောအပင်ဖြစ်သည်။ မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်နေ၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို ထားဝယ်မြို့ရှိ ပြည်သူများက ခေတ်အဆက်ဆက်မှစ၍ ယနေ့အချိန်ထိ ကျင်းပခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသတွင် သမိုင်းဝင်ရှင်ကိုးရှင်ဘုရားများ၊ ထားဝယ်မြို့ ကျက်သရေဆောင် လောကမာရဇိန်ဘုရားကြီးနှင့်ထားဝယ်ဒေသအတွင်းရှိ ဘုရား၊ ပုထိုး၊ စေတီများတွင် ဗုဒ္ဓဘာသာဝင်များက ကဆုန်လပြည့်ဗုဒ္ဓနေ့၊ နေ့ထူးနေ့မြတ်ဖြစ်သောကြောင့် ဗောဒီပင်များ၌ ညောင်ရေသွန်းလောင်းခဲ့ကြသည်။
ထားဝယ်မြို့၏ အထင်ကရတစ်ခုဖြစ်သော ထားဝယ်မြို့ကျက်သရေဆောင် ရွှေတောင်စား စေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်နေ့ နေ့ထူးနေ့မြတ်ဖြစ်သည့်အားလျော်စွာ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာပြည်သူများက ဗုဒ္ဓဘာသာဝင်သူများသည် ရွှေတောင်စား စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီးမီးများ ကပ်လှူပူဇော်ကြပြီး ဗောဓိပင်များတွင် ညောင်ရေသွန်းလောင်း ဆုတောင်းကြကာ ဘုရားဖူးလာသူများက အဓိဋ္ဌာန် ပုတီးစိပ်ခြင်း၊ ဂုဏ်တော်များနှင့် ပရိတ်တရားတော်များရွတ်ဖတ်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)