ပဲခူး မေ ၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ကဆုန်လပြည့် (ဗုဒ္ဓနေ့)၊ ယနေ့နံနက် အာရုဏ်တက်ချိန်တွင် ပဲခူးမြို့၊ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သံဃာအပါး (၁၀၀၀)ဖြင့် ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သံဃာအပါး (၁၀၀၀)၊ သီလရှင်အပါး (၁၀၀)တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်း ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ဗုဒ္ဓါဘိ သေကအနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပဲခူးမြို့နယ် ကျောင်းတိုက်အသီးသီးရှိ ပင့်သံဃာအပါး (၁၀၀၀)တို့မှ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြသည်။ ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများ၊ ကျောင်းတိုက်အသီးသီးမှ သံဃာတော်အပါး(၁၀၀၀)နှင့် သီလရှင်အပါး(၁၀၀)တို့အား အာရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အလှူတော်မင်္ဂလာ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များမှ သံဃာအပါး(၁၀၀၀)နှင့် သီလရှင်အပါး(၁၀၀)တို့အား ဆွမ်းဆန်စိမ်း နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ လောင်းလှူပူဇော်ကြသည်။
အဆိုပါ ကဆုန်လပြည့် ဗုဒ္ဓနေ့၌ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓော စေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း၊ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်း အလှူမင်္ဂလာတွင် ငွေကျပ်သိန်းပေါင်း (၂၀၀၀) ကျော် လှူဒါန်းနိုင်ခဲ့သည့်အပြင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများကိုလည်း စတုဒီသာအလှူအဖြစ် ကျွေးမွေးလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)