ပုလော မေလ ၃
ပုလောမြို့နယ်လုံးဆိုင်ရာ အရှေ့ကျောင်းတိုက် မြို့လုံးကျက်သရေစေတီတော်၌ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲတော်ကို အဆိုပါ စေတီတော်ရင်ပြင်တော်၌ ယနေ့နံနက်ပိုင်းတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပကြောင်းသိရသည်။
အဆိုပါ ညောင်ရေသွန်းလောင်းပူဇော်ပွဲတော်ကို အရှေ့ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယာမ အစိုးရဓမ္မစရိယ မဟာဂန္တဝါစကပဏ္ဍိတ နိုင်ငံတော်သံဃာဗဟိုဝန်ဆောင်က ဦးဆောင်၍ ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး၊ အရှေ့ကျောင်းတိုက်ဆရာတော်က သစ္စာ လေးပါးနှင့် မာန်ငါးပါး အောင်မြင်တော်မူသည့် တရားရေအေးကို တိုက်ကျွေးတော်မှုခဲ့ပါသည်။
ဆက်လက်၍ အရှေ့ကျောင်းတိုက်ဆရာတော်နှင့်တကွ ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ ပုလောမြို့နယ် အမှတ်(၁)စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုဝင်း၊ ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲနှင့် ဝန်ထမ်းများ၊မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ၊ အမျိုးသမီးရေးရာ အဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ ခြံရံလျက် သွန်းလောင်းပူဇော်မည့် ညောင်ရေအိုးများဖြင့် စေတီတော်အား လက်ယာရစ် သုံးပတ် လှည့်လည်ပူဇော်ကြကာ စေတီတော်ပရိဝုဏ်အတွင်း အရှေ့ဘက်တောင့်ရှိ မဟာဗောဓိညောင်ပင်အား ကဆုန်လ၏ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ စည်းကားသိုက်မြိုက်စွာ သွန်းလောင်းပူဇော်ကြသည်။
အဆိုပါ ညောင်ရေလာရောက် သွန်းလောင်းပူဇော်ကြသူများအား ပုလောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ လက်ဘက်ရည်နှင့် ကောက်ညင်းပေါင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရ သည်။
အေးအေးမော် (ပုလော)