မိတ္ထီလာ မေ ၃
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ဦးဆောင်ကြီးကြပ်မှုဖြင့် သံဃာတော် ၁ဝ၈ ပါး ဆွမ်းလောင်းလှူပွဲကို မိတ္ထီလာမြို့ ရွှေမြင်တင်ဓမ္မရာဇိက စေတီတော်ရင်ပြင်တော်၌ ယနေ့ ကဆုန်လပြည့် (ဗုဒ္ဓ)နေ့ နံနက် ၆ နာရီအချိန်က ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မိတ္ထီလာမြို့ သာသနာ့ဝေပုလ္လပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒနှင့် ပင့်သံဃာတော်များက ရွှေမြင်တင်စေတီတော် မုခ် ၄ မုခ်တွင် ပင့်ဆောင့် ကိုးကွယ်ထားသော ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်များအား ဗုဒ္ဓဘိသေက အနေကဇာတင်မင်္ဂလာတင်ခြင်းကို ဆောင်ရွက်ကြသည်။ ဆက်လက်၍ နိုင်ငံတော် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် အမှူးပြုသောသံဃာတော် ၁ဝ၈ ပါးတို့အား အရုဏ်ဆွမ်းများ ကို ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်ဇေယျနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ နိုင်ငံတော်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလ တရားတော်များကို တာဝန်ရှိသူများ၊မြို့မိမြို့ဖများနှင့်အလှူရှင်စေတနာရှင်များက ခံယူဆောက်တည်ကြပြီး သံဃာတော်များထံသို့ နဝကမ္မဝတ္ထုငွေများဆက်လက်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အနုမောဒနာတရား များကိုနာယူကြသည်။
ထို့နောက် ဘုရားအမှူးရှိသော ပင့်သံဃာတော် ၁ဝ၈ ပါးတို့အား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်ဇေယျနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက ဆွမ်းဆန်များ၊လှူဖွယ်ဝတ္တုများကို ဆက်ကပ်လောင်းလှူ ကြသည်။ ၎င်းနောက် ရွှေမြင်တင်စေတီတော်၏ အရှေ့တောင်ထောင့်အရပ်ရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်းကို တာဝန်ရှိသူများနှင့် ဆွမ်းလောင်းလှူပွဲလာရောက် လောင်းလှူကြသည့် အလှူရှင်များနှင့် ဒေသခံပြည်သူများက ဆောင်ရွက်ကြောင်းသိရသည်။
ချမ်းသာ