ကလိန်အောင် မေ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ (၂)နာရီက ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်နေ့ဖြစ်သော" ကဆုန်လပြည့်ဗုဒ္ဓနေ့ " အကြောင်းအသိကောင်းစရာများဆွေးနွေးပွဲ Talk Show ကိုကျင်းပ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဆွေးနွေးပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည့်နေ့၊ ပွင့်တော်မူသည့်နေ့၊ ပရိနိဗ္ဗာန် စံတော်မူသည့်နေ့နှင့် ဘုရားအဖြစ်သို့ရောက်ရန် ဗျာဒိတ်ခံယူတော်မူသည့်နေ့ဖြစ်သည့် ကဆုန်လ ပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်နေ့ဖြစ်ကြောင်း၊ ဗုဒ္ဓဘုရားရှင် ပွင့်တော်မူခဲ့ ရာနေရာဖြစ်သည့် ဗောဓိညောင်ပင်များကို ကဆုန်လအတွင်း အစဉ်အလာမပျက် ညောင်ရေသွန်းပွဲတော် ကျင်းပလာခဲ့မှု သမိုင်းအစဉ်အလာများနှင့် ညောင်ရေသွန်းပွဲတော် ကျင်းပရသည့် ရည်ရွယ်ချက်များ၊ ဗောဓိညောင်ပင်တွင် ရေသွန်းလောင်းရခြင်း၏ အကျိုးကျေးဇူးများ စသည့် တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေးဒေါ်ဖြိုးဝင့်စံက မြန်မာ့ဆ့ယ်နှစ်လရာသီများထဲတွင်ကဆုန်လသည် ဒုတိယမြောက်လဖြစ်ပြီး ဗြိဿရာသီ ဝိသခါ နက္ခတ်နှင့်ယှဉ်၍ စကားဝါပန်းများပွင့်သည့်ရာသီဖြစ်ပါကြောင်း၊ ပူပြင်းသည့်နွေရာသီဖြစ်၍ ဗောဓိညောင်ပင်အားရေသွန်းလောင်းပူ ဇော်ခြင်းဖြစ်ကြောင်း၊ ဗောဓိညောင်ပင်တွင် ရေသွန်းလောင်းရခြင်း၏ အကျိုး ကျေးဇူးများ စသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် We Love Page တွင်လည်း ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)