(၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူအကျိုး ပြုလုပ်ငန်းများလုပ်ဆောင်

မကွေး  မေ

မေလ(၅)ရက်နေ့တွင် ကျရောက်မည့်(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့တွင် မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမျိုးလှိုင် ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်မိသားစုများ စုပေါင်း၍ မေလ လ ၁ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့အကျိုးပြု လုပ်ငန်းများဖြစ်သည့် ဇီဝိတဒါန ငါးလွှတ်ပွဲကို မကွေးမြို့ ကမ်းနားလမ်း ညောင်ကိုးပင်ဆိပ်ဧရာဝတီမြစ်ကမ်း၌ ကျင်းပခဲ့ပြီး၊ စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်မှုအနေဖြင့် မကွေးမြို့ ကံ့ကော်တစ်ထောင် ဗုဒ္ဓရုပ်ပွားတော်တွင် အမှိုက်များ လှည်းခြင်း၊ ရင်‌ပြင်တော်အားရေဖြင့် ဆေးကြောသန့်ရှင်းခြင်း၊ ဘုရားအား ရေသပ္ပါယ်ခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကာ၊ မကွေးမြို့ အေးငြိမ်းပြည်သာ အောင်ရတနာဦးစေတီတော် ဘက်စုံပြုပြင်မွန်းမံရန်အတွက် အလှူတော်ငွေကျပ် (၁၀)သိန်း လှူဒါန်းခြင်းနှင့် မကွေးမြို့ မဟာအောင်မြေဝိဇယ ပတ္တမြားဘုရားကြီး တည်ထားကိုးကွယ်ရန်အတွက် နဝကမ္မ အလှူငွေ ကျပ်သိန်း(၅၀) ထည့်ဝင် လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရည်မှန်းချက်တာဝန်ကြီး(၄) ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးစသည်တို့ လုပ်ဆောင်လျက်ရှိရာ(၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ မေလ ၂ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့အကျိုး ပြုလုပ်ငန်း တစ်ရပ်ဖြစ်သည့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုသွေးလှူဒါန်းပွဲကို ကျင်းပပြု လုပ်ခဲ့သည်။

ထိုသို့ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းနေမှုကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့်အတူ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ သွားရောက်၍ သွေးလှူရှင်တပ်ဖွဲ့ဝင်များ သွေးလှူဒါန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ သွေးလှူရှင်တပ်ဖွဲ့ဝင်များအား အားဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ