မော်လိုက်မြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery)ထုပ်လုပ်မှု နည်းပညာသင်တန်း  ဆင်းပွဲအခမ်းအနားကျင်းပ

မော်လိုက် မေ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ တန်ဖိုးမြှင့်စားသောက်ကုန်(Bakery)ထုပ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ခရိုင်အသေးစား စက်မှုလက်မှုဦးစီးဌာန အစည်းအဝေးခန်းမကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေလွင်က အဖွင့်အမှာစကားပြောကြားရာတွင် “ယခုလိုသင်တန်းမှ သင်ကြားပေးလိုက်သော အတတ်ပညာများသည် ကျေးလက်နေပြည်သူများအတွက် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ပြီး အပိုငွေရရှိသည့် အလုပ် အကိုင်အခွင့်လမ်းများ ပေါ်ပေါက်လာကြောင်း၊ ဌာနအနေဖြင့်လည်း ဒေသတွင်း ပြည်သူများ အကျိုး ရှိနိုင်မည့် နည်းပညာများကို စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း” ပြောကြားပြီး သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသားများကို ခရိုင်ဦးစီးမှူး ဦးစိုးလှမင်းက ကုန်ချောပစ္စည်းများကို ပေးအပ်သည်။

သင်တန်း အမှတ်စဉ် (၁/၂၀၂၃-၂၄) ကို (၂၆-၄-၂၀၂၃) ရက်နေ့မှ(၂-၅-၂၀၂၃) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် ကိတ်မုန့်၊ ပေါင်မုန့်၊ ကွတ်ကီးစသည့် မုန့်အမျိုးအစား(၁၄)မျိုး ပြုလုပ်သည့်နည်းပညာများကို ခရိုင်ဦးစီးမှူး ဦးစိုးလှမင်းနှင့်နည်းပြ ဒေါ်ထက်ထက်ဇော်တို့က ကြီးကြပ်သင်ကြားပေးခဲ့ကြောင်း  ခရိုင်ဦးစီးမှူးထံမှ သိရသည်။

မော်လိုက်ခရိုင်(ပြန်/ဆက်)