အိမ်မဲ မေ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ခုနှစ်မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒိုလိုမိုက်နှင့် ထုံးထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲကို ကျားနဖူးကျေးရွာ တောင်သူ ဦးစောဆာဒိုစိုး၏ ကွင်းအမှတ် ၁၁၅ ခ၊ ဦးပိုင် - ၈ တွင် ယမန်နေ့နံနက် ၉ နာရီ၌ ကျင်းပသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ ဝင်များ က ကြည့်ရှုအားပေးခဲ့သည်။
“ယခုလို လယ်ယာမြေမှာ ဒိုလိုမိုက်နှင့် ထုံးထည့်သွင်းတာဟာ မြေချဥ်ဓာတ်များတဲ့ လယ်မြေများမှာ ထည့်သွင်းခြင်းဖြစ်ပါတယ်။ ထိုကဲ့သို့ ထည့်သွင်းခြင်းအားဖြင့် လယ်ယာမြေမှာ မြေဆီလွှာရုပ်ဂုဏ်သတ္တိတိုးခြင်း၊ မြေဆီလွှာရှိ အဏုဇီဝသက်ရှိ များ၏လှုပ်ရှားမှုနှိုးဆွခြင်း၊ မြေမုန့်များ၏ဓာတ်ဖိုဖလှယ်စွမ်းအားတိုးခြင်း၊ အာဟာရဓာတ်ရရှိမှု မြင့်လာစေခြင်း၊ ပဲမြစ်ဖု Bacteria များ၏ စွမ်းအင်တိုးလာခြင်းတို့ ရရှိစေမည်ဖြစ်ကြောင်း “မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဦး ပြောကြားချက်အရ သိရသည်။
ချစ်သက်လယ်(အိမ်မဲ)