ဘားအံ မေ၂
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ဘားအံ)၏ ၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆို ပွဲကို မေလ(၂)ရက်နေ့ နံနက် ၈ နာရီခန့်က အဆိုပါသင်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပသည်။
ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာသင်တန်းကို တက်ရောက်ကြမည့် သူနာပြုသင်တန်းသား(၁၆)ဦးနှင့် သူနာပြုသင်တန်းသူ(၁၁၅)ဦး စုစုပေါင်း(၁၃၁)ဦးတို့အား ကြိုဆိုသည့် သစ်လွင်ကြိုဆိုပွဲဖြစ်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသား၊သင်တန်းသူများသည် သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း လုံခြုံ စိတ်ချစွာနေထိုင်နိုင်ရေး၊ ငွေကြေးအကုန်အကျသက်သာစေရေးအတွက် နိုင်ငံတော်မှငွေကြေး အမြောက်အများအကုန် အကျခံ၍ သင်တန်းကျောင်းများဆောက်လုပ်ခြင်း၊ သင်ကြားရေးဆရာများခန့်ထားခြင်းသည် မိမိတို့နိုင်ငံအတွင်းရှိ ပြည်သူများအား ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စေတနာ၊ ဝါသနာ၊ ဂရုဏာ၊ အကြင်နာ၊ မေတ္တာတရား တို့ကိုအခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးစေနိုင်ရန်ရည်ရွယ်ကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့် နိုင်ငံတော်၏ ကျေးဇူးနှင့်စေတနာ၊ မိမိတို့အပေါ်ထားရှိသည့်မျှော်လင့်ချက်များကို စိတ်ရင်းစေတနာအမှန်ဖြင့် ပြန်လည်တုံ့ပြန် ပေးရန်လိုအပ်ကြောင်း၊ လိုက်နာရမည့်ကျင့်ဝတ်စည်းကမ်းများကိုလိုက်နာပြီး အရည်အချင်းရှိသော သူနာပြုများ ဖြစ်အောင်၊ နိုင်ငံတော်အတွက် အားကိုးအားထားပြုရသော သူနာပြုများဖြစ်အောင် သူနာပြုနှင့် သားဖွားအတတ်ပညာများကို တက်တက်ကြွကြွနှင့် အပတ်တကုတ် ကြိုးစားသင်ယူ လေ့လာဆည်းပူးရန် အရေးကြီးကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ဘားအံ) ကျောင်းအုပ်ကြီး ဒေါ်နီနီချိုက သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဒေသအလိုက် သစ်လွင်သူနာပြု သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က သစ်လွင်သင်တန်းသား၊သင်တန်းသူများအား ငွေကျပ် ၃,၄၂၀,၀၀၀ (သုံးဆယ်လေးသိန်းနှစ်သောင်း) ကျပ်ကို ချီးမြှင့်ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းက သစ်လွင်သူနာပြုနှင့်သားဖွား King ရရှိသူများနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက Queen ဆုရရှိသူများကို သရဖူနှင့်စလွယ်များ ချီးမြှင့်ပေးအပ်ပြီး သူနာပြု-သားဖွား သင်တန်းသား၊ သင်တန်းသူများက တိုင်းရင်းသားရိုးရာပဒေသာအကအလှများ ဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ် လယ်ယာကဏ္ဍလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာကဏ္ဍသည် နိုင်ငံ၏အရေးပါသောအခန်းကဏ္ဍမှပါဝင်နေပြီး စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေးဦးစီးဌာနသည် ကျယ်ပြန့်ပြီးအရေးကြီးသည့်ဌာနတစ်ခုဖြစ်ကြောင်း၊ ကုသိုလ်လည်းရ ဝမ်းလည်းဝသည့် လုပ်ငန်းတာဝန်ကို ထမ်းဆောင်နေကြရသူများဖြစ်ကြပြီး တောင်သူလယ်သမားများ ရသင့်ရထိုက်သောအခွင့်အရေးများနှင့် အကျိုးစီးပွားများ တိုးတက်မြင့်မားရရှိစေရန် မြေပြင်အမှန်တကယ်ကွင်းဆင်း၍ ကွင်းသရုပ်ပြပွဲများ၊ နည်းပညာနှင့်အသိပညာပေးခြင်းလုပ်ငန်းများကို စိတ်ရောကိုယ်ပါနှစ်မြှုပ်လုပ်ဆောင်ကြစေလို ကြောင်း၊ ပြည်သူနှင့်အများဆုံးထိတွေ့ဆက်ဆံရသည့်ဌာနဖြစ်ပြီး သတင်းအချက်အလက်နှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို လက်တွေ့လုပ်ကိုင်ပြသကြရသူများ ဖြစ်သည့်အတွက် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့် အညီနေထိုင်၍ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အစဉ်အမြဲလေ့လာ သင်ယူနေဖို့လိုပြီး အရည်အသွေးမီလယ်ယာထွက်ကုန်များကို ပြည်တွင်း၌သာမက ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးစားဆောင်ရွက်ကြဖို့လိုကြောင်း၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသော သီးနှံများကို နှစ်သီးစားမှသုံးသီးစားထိ သီးထပ်သီးညှပ်များဖြင့် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန် ပိုမိုထုတ်လုပ်နိုင်ရန် ဈေးကွက်ဝင် သီးနှံများကို ယခင်ကထက်ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြဖို့ လိုကြောင်း၊ အခက်အခဲများရှိပါက ရင်းနှီးပွင့်လင်းစွာတင်ပြပေးကြစေလိုပြီး စိုက်ပျိုးရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာရန် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က လမ်းညွှန်အမှာစကားပြောကြားပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးမှ စိုက်ပျိုးရေးဦးစီးမှူးများနှင့်တာဝန်ရှိသူများက ယခင်နှစ်လုပ်ငန်း ဆောင်ရွက်ခဲ့မှုများ၊ ယခုနှစ် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ အားနည်းချက်၊ အားသာချက်များကို သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
စေမျိုးမင်းသိန်း(ပြန်/ဆက်)