သီရိဝဏ္ဏထူပါရုံ နောင်တော်ကြီးစေတီတော်မြတ်ကြီးအား ရွှေထီးတော် တင်လှူပူဇော်

ကျောင်းကုန်း မေ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ ရေခလုတ်ကျေးရွာအုပ်စု၊ ထူပါရုံကျောင်းဝန်းအတွင်း တည်ထားကိုးကွယ်တော်မူသော ‌သီရိဝဏ္ဏနောင်တော်ကြီး စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ နံနက် ၆ နာရီအချိန် နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး၊ ဆရာတော်ကြီးဥူးဝိမလထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ရွှေထီးတော်၊ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့အား ဆရာတော်ကြီးထံသို့ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရွှေထီးတော်တင်လှူပူဇော်နိုင်ရန် မန်းသာသနာပြုရွှေထီးတော်တင်အဖွဲ့သို့ ပေးအပ်ခဲ့သည်။

နံနက် ၇ နာရီအချိန်တွင် ရွှေထီးတော်၊စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့အား သီရိဝဏ္ဏ‌ နောင်တော် ကြီးစေတီတော်မြတ်ကြီးကို လက်ယာရစ်လှည့်လည်ပူဇော်ခြင်းနှင့် အရန်စေတီတော်များအား ဆက်ကပ်တင်လှူပူဇော်ခဲ့ကြသည်။ မန်းသာသနာပြု ရွှေထီးတော်တင်အဖွဲ့မှ နောင်တော်ကြီးစေတီတော်မြတ်ကြီးအား သစ္စာအဓိဌာန်ပြု ပူဇော်ခဲ့ပြီး၊ နံနက် ၈ နာရီအချိန်တွင် မင်္ဂလာပန်းရထားဖြင့်ရွှေထီးတော်ဘုံအဆင်ဘဆင့်အား အလှူရှင်များက တင်လှူပူဇော်ခဲ့ကြသည်။

အဆိုပါ ရွှေထီးတော်တင်လှူပူဇော်ပွဲသို့ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊အလှူရှင်မိသားစုများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျေးရွာဒေသခံပြည်သူများ တက်ရောက်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)