ဖြူး မေ ၂
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့ပေါ်ရပ်ကွက်အတွင်း မိသားစုတစ်ပိုင်တစ်နိုင်အနေဖြင့် လုပ်ကိုင်သည့် ပဲမုန့်လုပ်ငန်းအခြေအနေများအား တိုးချဲ့လုပ်ကိုင်လိုပါက လိုအပ်သည့်အရင်းအနှီးအတွက် ချေးငွေများချေးပေးနိုင်ရေး ယနေ့၊ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ မြို့နယ်အဆင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ မုန့်လုပ်ငန်းသည် မိဘများလက်ထက်မှ လုပ်ကိုင်ခဲ့ပြီး ယခုတိုင် လက်ဆင့်ကမ်း လုပ်ကိုင်ခဲ့သည့် လုပ်ငန်းဖြစ်ကြောင်းနှင့် ဂျုံနှင့် ကုလားပဲကို အခြေခံ၍ မုန့်ဖုတ်ဖိုတွင် ထည့်ဖုတ်ကာ၊ လူမျိုးမရွေးဘာသာမရွေး၊ ကလေးလူကြီးမရွေး စားသုံးနိုင်သော မုန့်တစ်မျိုးဖြစ်ကြောင်းသိရသည်။
ပဲမုန့်လုပ်ငန်းပိုင်ရှင် ဒေါ်အုမက " တစ်ရက်ကို ဂျုံ(၂)အိတ်လောက်ကုန်တယ်၊ မုန်ထုပ်ပေါင်း (၄၀၀)ပဲ လုပ်နိုင်သေးပါတယ် လုပ်အား အင်အားနဲ့ပဲ၊ ဒီကျွန်မတို့လုပ်တဲ့ မုန့်အမျိုးအစားဆိုတာက ကြာရင်မှိုတက်တတ်ပေမယ့် အထားခံဆေးမသုံးထားပါဘူး အဲ့တော့ပြန်လည်ရောင်းချသူတွေကို (၅)ရက်ပဲရောင်းချဖို့ မေတ္တာရပ်ခံထားပြီး ရက်လွန်ရင် ပြန်လည်ပေးတဲ့စနစ်နဲ့ လုပ်ပါတယ် ဒါမှသာ စားသုံးသူတွေကြားမှာ အမည်မပျက်အောင်ပေါ့ မုန့်အရည်အသွေးနဲ့ ရောင်းအား မကျမှာ ဖြစ်ပါတယ်" ဟု ပြောသည်။
စျေးကွက်အရ မုန့် (၅)ခုလျှင် တစ်ထုပ်၊ တစ်ထုပ်ကို ၁၀၀၀ကျပ်နှုန်း၊ ဖောက်သည်စျေးဖြင့် (၉၅၀)ဖြန့်ဝေပြီး ဖြူးမြို့နယ်အတွင်းသာ ဖြန့်ဝေကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ ဆက်)