တနင်္သာရီ မေ ၂
၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက် ၇ နာရီအချိန်မှစပြီး အထင်ကရနေရာများဖြစ်သည့် မြဝတ်ဆင်စေတီတော်နှင့် ရှင်မအောင်သာကျောက်တိုင်တို့တွင် ပြည်သူ့အကျိုး ပြု သန့်ရှင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။
ထိုသို့ ပြည်သူ့အကျိုးပြုဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့် တပ်ဖွဲ့ဝင်(၁၃) ဦး၊ မြို့နယ်မီးသတတပ်ဖွဲ့မိသားစု စည်းရုံးရေးနှင့်စည်ကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာလင်းနှင့်တပ်ဖွဲ့ဝင်အမျိုးသမီးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့်ဝန်ထမ်းများ(၁၅)ဦး၊ မြိတ်လေကြောင်းရန်တပ်ဖွဲ့မှ ဗိုလ်မှူး ဇော်ဇော်အောင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်မြင့်ဇော်နှင့်တပ်ဖွဲ့ဝင်(၉)ဦးတို့ပူးပေါင်း၍ မြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်း ဝင် မြဝတ်ဆင်စေတီတော် ရင်ပြင်ပတ်ပတ်လည်နှင့် အထက်ပစ္စယံများ၊ ဂြိုဟ်ခွင်ဘုရားများနှင့် နဂါးရုံဘုရားတို့တွင် မီးသတ်ရေယာဉ်ရေပန်းဖြင့် ပြည်သူ့အကျိုးပြုသန့်ရှင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အလားတူ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ မိသားစုစည်းရုံးရေးနှင့် စည်ကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာလင်းနှင့်တပ်ဖွဲ့ဝင် အမျိုးသမီးများက တနင်္သာရီမြို့၏ မြို့တည်/နန်းတည် ရှင်မအောင်သာကျောက်တိုင်အတွင်း ရင်ပြင် နေရာများ၌ မီးသတ်ရေယာဉ်ရေပန်းဖြင့် ဆေးကြောသန့်ရှင်းပေးကြပြီး အမှိုက်သရိုက်များကိုလည်း ရှင်းလင်းဖယ်ရှားပေးကြသည်။
ဆက်လက်၍ (၇၇)နှစ်မြောက်၊ မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် (၈ပေ-၆ပေ)အရွယ် မြေစိုက်ပိုစတာကြီးကို ဦးမျိုးမျိုးနိုင်နှင့်တပ်ဖွဲ့ဝင်များက မြို့နယ်မီးသတ်စခန်းအရှေ့မျက်နှာစာနေရာတွင် ပြည်သူအများမြင်သာနိုင်အောင် စိုက်ထူပေးကြကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)