ငွေဆောင် မေ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိလူရည်ချွန်စခန်း (ငွေဆောင်) သို့ရောက်ရှိနေသည့် လူရည်ချွန်မောင်မယ်များအား ICT ဆိုင်ရာ နည်းပညာများအကြောင်း ရှင်းလင်းဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက လူရည်ချွန်စခန်းအခြေစိုက်ရာ ယမုံနာဦးဟိုတယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဦးက နည်းပညာများ၊ ကိရိယာများနှင့်ဆော့ဖ်ဝဲများအကြောင်း၊ လူသားမှတ်ဉာဏ်တု စက်မှုနည်းပညာရပ်များအကြောင်း၊ အနာဂတ်တွင် တွင်ကျယ်လာမည့် AI နည်းပညာများအကြောင်းကို အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့ပြီး လူရည်ချွန်မောင်မယ်များ၏ သိရှိလိုသည့်ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရသည့်အခြေအနေကြောင့် လူရည်ချွန်စီမံကိန်းကို ခေတ္တရပ်နားထားခဲ့ရာမှ ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပြန်လည်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လူရည်ချွန်စခန်း (ငွေဆောင်) သို့ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဧကာဒသမတန်းလူရည်ချွန်မောင်မယ်စုစုပေါင်း (၁၅၈) ဦးအပမ်းဖြေလေ့လာရေး ရောက်ရှိလျက်ရှိကြောင်း သိရှိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)