အိမ်မဲမြို့နယ်တကောကျေးရွာတွင်မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက်သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် GW-11စပ်မျိုးစပါးမျိုးစေ့များပေးအပ်ပွဲကျင်းပ

အိမ်မဲ မေ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကောကျေးရွာတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် တစ်ဧက (၁၀) တင်းတိုးထွက်ရှိရေးအတွက်GW-11 စပ်မျိုးစပါးမျိုးစေ့ များပေးအပ်ပွဲကို ယမန်နေ့နံနက် (၉) နာရီတွင် ကျင်းပသည်။

ရှေးဦးစွာအိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များနှင့်တာဝန်ရှိသူများက တောင်သူများအားသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ဧက( ၁၅၀) အတွက်တစ်ဧကလျှင် (၄) ပြည်နှုန်း၊ GW- 11စပ်မျိုးစပါးနှင့်အခြားအထွက်နှုန်းကောင်းမျိုးစပါးမျိုးစေ့များအား ပေးအပ်ခဲ့သည်။

“လယ်ယာစိုက်ပျိုးမြေများတွင် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်စိုက်ပျိုးခြင်းဖြင့် အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့်သစ်ဆွေးဓာတ်များ ရရှိနိုင်၍ လယ်ယာမြေအတွင်းရှိပေါင်းပင်များကို နှိမ်နင်းနိုင်ပြီးအကျိုးပြု အနုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင် တိုးပွားစေနိုင်ကြောင်း ၊ ပိုက်ဆံလျှော် သီးနှံစိုက်ပျိူးရာတွင် ရာသီဥတုအခြေအနေပေးပါက တစ်ဧကလျင်သစ်စိမ်းမြေသြဇာ (၅) တန်မှ (၇) တန်အထိ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ(၂)အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ ရရှိနိုင်ကြောင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှုလျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းနှင့် GW- 11 စပ်မျိုးစပါးမျိုးစေ့များအား တစ်ဧက (၁၀)တင်းတိုးထွက်ရှိရေးအတွက် ပြောင်းလဲစိုက်ပျိုးရန်မျိုးစေ့ များပေးအပ်ရခြင်းဖြစ်ကြောင်း” မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူးဦးတင်မောင်ဦး ပြောကြားချက် အရသိရသည်။

အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် GW- 11 စပ်မျိုးစပါးမျိုးစေ့ ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊မြို့နယ် မြေ၊မျိုး၊ ပိုးတာဝန်ခံများ၊ကွင်းတာဝန်ခံများ၊ တောင်သူများတက်ရောက်ခဲ့သည်။

ချစ်သက်လယ်(အိမ်မဲ)