ကျောက်တံခါးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူများ အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

ကျောက်တံခါး မေ ၂

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်း (၁၀) နာရီအချိန်က စားသုံးသူများ အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ  အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်စန်းတင့်က စားသုံးသူများရဲ့ အခွင့်အရေးနှင့် လိုက်နာ ရမည့် တာဝန်များနှင့်ပတ်သက်၍ ပြည်သူများသိရှိစေရန်ရည်ရွယ်ပြီး Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာထွေးက ပြဌာန်းထားသည့် စားသုံးသူကာကွယ်ရေး ဥပဒေများကို လည်းကောင်း၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ စားသုံးသူဘက်မှ ရရှိနိုင်သည့် အခွင့်အရေးများ (၈) ချက်နှင့် လိုက်နာရမည့်အချက် (၄) ချက်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)