ပွင့်ဖြူ မေ ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သက်ရှည်ကျန်းမာစေရေးအတွက် စားသုံးရန်နှင့် သုံးစွဲရန်မသင့်သည့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှု မရှိစေရေးအတွက် ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့မစည်ပင်သာယာဈေးနှင့် ရပ်ကွက်များရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်ပြီး ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနတို့မှ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး အတွင်းအပြင်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းအဆိုင်များနှင့် ရပ်ကွက်များရှိ ဈေးဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချရာ၌ ပြည်သူလူထု ဘေးကင်းလုံခြုံစေရေးအတွက် ကျန်းမာရေးဆိုးကျိုးဖြစ်စေသော စားကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချခြင်း မပြုရန်၊ သက်တမ်းလွန်နေသော စားသောက်ကုန်များ ရောင်းချခြင်းမပြုရန်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ တရားဝင် အသိအမှတ် ပြုထားသော စားကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်၊ ပြည်သူလူထု အတွက် ကျန်းမာရေးဆိုးကျိုးဖြစ်စေသည့် စားကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် အကြံပြု ဆွေးနွေးကာ ရောင်းချခြင်းမပြုရန် တားမြစ်ထားသော စားကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူး ရောင်းချခြင်းကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူလူထု၏ ကျန်းမာရေး ဘေးကင်းလုံခြုံစေရေးအတွက် မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့မစည်ပင်သာယာ ဈေးအပါအဝင် မြို့နယ်အတွင်းရှိ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များကို သွားရောက်ကာ လုပ်ငန်းရှင်များအားတွေ့ဆုံ၍ လိုက်နာရမည့် စည်းကမ်းချက်များနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးခြင်း၊ ရောင်းချခြင်းမပြုရန် တားမြစ်ထားသော လူသုံးကုန်ပစ္စည်း၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကြပ်မတ်စစ်ဆေးခြင်းတို့ကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဒေါ်ဌေးဌေးဝင်းထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )