ပန်းတနော် အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေသည့် လက်ကမ်းစာစောင်များနှင့် ပိုစတာများကို ယနေ့နံနက်၉ နာရီကစတင်၍ ပန်းတနော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများထံသို့ခဲ့သည်။
လက်ကမ်းစာစောင်တွင် "သင့်အမည် မဲစာရင်းမှာ ပါ/မပါစစ်ဆေးပြီးပြီလား၊ အတူတကွမဲပေးကြပါစို့၊ မဲဆန္ဒရှင်စာရင်းသွားရောက်စစ်ဆေးရန် သင့်မှာအချိန်မရှိ/ အချိန် မလုံလောက် ဖြစ်နေပါသလား၊ အွန်လိုင်းကနေ စစ်ဆေးလိုက်ပါ၊ ဘေးကင်းလုံခြုံစွာနေပါ၊ သင်ကဆန္ဒမဲပေးပိုင်ခွင့်ရှိသူဖြစ်ပါသလား၊ မဲစာရင်းစစ်ဆေးပါ၊ သွားရောက် ဆန္ဒမဲပေးပါ၊ သတိရပါ" အစရှိသည့်အချက်များ ပါရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းကို မြို့နယ်အသီးသီး၌ အောက်တိုဘာ ၁ ရက်မှ ၁၄ ရက် အထိ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများအနေဖြင့် ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန်အတွက် မဲစာရင်းတွင် မိမိအမည်ပါ/ မပါ သွားရောက်ကြည်ရှုစေရန်နှင့် ပြည့်စုံမှန်ကန်သည့် မဲစာရင်းများရရှိစေရေး လှုံ့ဆော်အသိပေးသည့် အနေဖြင့် ယခုကဲ့သို့အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများကို ပြည်သူများထံ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါလက်ကမ်းစာစောင်များကို မဲစာရင်းများကပ်ထားသည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများမှ တာဝန်ရှိသူများကတစ်ဆင့် ပြည်သူများ လက်ဝယ်သို့အရောက် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)