ပုလောမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ  မီးဘေးသင့် အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်

ပုလော မေ  ၂

ပုလောမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ မီးဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က ပုလော မြို့အမှတ် (၁)ရပ်ကွက်ရှိ  မီးလောင်နယ်မြေ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ပုလောမြို့နယ် အမှတ်(၁)စစ်အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး အောင်ကိုဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခင်မောင်စိုးက မီးဘေးသင့်ပြည်သူများအတွက် ဌာနဆိုင်ရာများ စေတနာရှင် ပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေ (၁၂၀၆၈၅၀၀/-) ကျပ်ရရှိကြောင်း၊ အဆိုပါ ထည့်ဝင်လှူဒါန်းငွေများကို နေအိမ်များ ပြန်လည် ထူထောင်နိုင်ရန်အတွက် (၇)ပေ သွပ်ပြားများနှင့် ငွေသားများကို လှူဒါန်းပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပုလောမြို့နယ်၌ ဧပြီလ ၂၀ ရက်နေ့ နေ့လည် ၂ နာရီ ၄၅ မီနစ်ခန့်က ပုလောမြို့ အမှတ်(၁) ရပ်ကွက်တွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ် (၂၁)လုံး၊ အိမ်ထောင်စု (၂၂)စု ၊လူဦးရေ (၁၆၁) ဦး မီးဘေးသင့်ခဲ့ရာ မီးဘေးသင့်ပြည်သူများ ယာယီနေထိုင်နိုင်ရေးအတွက် ပုလောမြို့နယ် မိုးလုံလေလုံ အားကစားခန်းမတွင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဆိုပါ ပုလောမြို့နယ် အမှတ်(၁) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ စေတနာရှင် ပြည်သူများမှ လာရောက်လှူဒါန်းငွေများကို မီးဘေးသင့်ပြည်သူများ ပြန်လည် ထူထောင်နိုင်ရေးအတွက်  အိမ်ထောင်စုတစ်စုလျှင် (၇)ပေသွပ် (၃၂)ချပ်စီနှင့် ငွေသား (၁၄၅၀၀၀/-)ကျပ်စီကို နေအိမ် (၂၁)လုံး ကိုလည်းကောင်း၊ ကျန်ရှိသော အိမ်ထောင်စု(၁)စုကို ငွေကျပ်(၁၁၂၀၀၀/-)နှင့်  မီးလောင်ဆုံးရှုံးခဲ့သော မြေနေရာများ အတွက် အိမ်ရာမြေချထားပေးခြင်း ( အသိမှတ်ပြုလက်မှတ်) (၂၁)စောင်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား (၁၈)ခု၊ အိမ်ထောင်စုစာရင်း ပုံစံ(၇) ခုကို လည်းကောင်း၊ မီးလောင်ရာတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော ရေသယ်ကားများနှင့် ရပ်ဝေးရပ်နီးမှ လာရောက်လှူဒါန်းကြသော ဆန်၊ ဆီ ၊ သောက်သုံးရေနှင့်ငွေ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အေးအေးမော် (ပုလော)