ငပုတော မေ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့မြောက်ပိုင်းရပ်ကွက်၊ ဝဋ်ကြွေးတော်ဖြေ သာသနာ့နယ်မြေ ဓမ္မာရိပ်သာကျောင်းတိုက်ဝန်းအတွင်း၌ တည်ထားကိုးကွယ်တော် မူအပ်သော ကျိုက်ထီးရိုးရွှေစေတီတော်မြတ်ကြီး၏ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲမဟာမင်္ဂလာအခမ်းအနားကို ဧပြီ ၃၀ ရက်နေ့ နံနက် (၉)နာရီအချိန်က အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနား အား နမောတဿ (၃) ကြိမ် ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီး သဲပြင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တက္ကန္ဒမာရ ဆရာတော်အရှင်သူမြတ် ထံမှ (၉) ပါးသီလခံယူဆောက်တည်ကာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား ဆရာတော်အရှင်သူမြတ်ထံ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့်စေတနာရှင် အလှူရှင်များကဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်ချ အမျှပေးဝေခဲ့သည်။
ဆက်လက်ပြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်များတို့အား သာသနာတော်ဆိုင်ရာ အခမ်းအနားနှင့်အညီ ပင့်ဆောင်ပူဇော်ကာစေတီတော်မြတ်ကြီးအား လက်ယာရစ် (၃) ပတ်ပူဇော်ခဲ့ပြီး မင်္ဂလာရထားပျံဖြင့်ပင့်ဆောင်ကာ” မိဘဂုဏ်ရှိန်” ဂုဏ်ပြုမင်္ဂလာပိုဒ်စုံရတုဖြင့် သီဆိုပူဇော်သည်။ထို့နောက်မင်္ဂလာအချိန်တွင် ရွှေထီးတော်နှင့်၊ ငှက်မြတ်နားတော်နှင့်ရတနာ စိန်ဖူးတော်တို့အား”မင်္ဂလာရထားပျံဖြင့် “အောင်မြင်စွာတင်လှူပူဇော်ခဲ့ပြီးနောက်”ဇိတံမေ”အောင်ဂါထာရွတ်ဆို၍ ရတနာရွှေမိုး၊ငွေမိုးများ ရွာသွန်းခဲ့သည်။
အဆိုပါ ကျိုက်ထီးရိုးရွှေစေတီတော်မြတ်ကြီးအားမြို့နယ်သံဃာ့နာယကအဖွဲ့၏ သြဝါဒကိုခံယူ၍ ဓမ္မရိပ်သာကျောင်းတိုက်ကြီး၏ ဦးစီးပဓာနအဟာသဒ္ဒမ္မ ဇောတိကဓဇ သာသနာပြုနယ်လှည့်ဓမ္မကထိက ဘဒ္ဒန္တတေဇိန္ဒ၏သြဝါဒကိုခံယူ၍ (၇)ရက်သား၊သမီး ၊စေတနာရှင်အလှူရှင်များက ရွှေထီးတော်တင်လှူ ပူဇော်ခဲ့ကြောင်းသိရသည်။ရွှေထီးတော်တင်အခမ်းအနားသို့ မြို့ပေါ်ကျောင်းတိုက်မှ ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူ၊ အဖွဲ့ဝင် (၂)ဦးသန်းဦးနှင့်မြို့နယ်ဌာနဆိုင်ရာများမှတာဝန်ရှိသူများစေတနာရှင်၊ အလှုရှင်များ (၇) ရက်သား၊ သမီးများတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)