မြိတ်မြို့တွင် အကြိမ် (၂၀) မြောက် ပရိယတ္တိသာသနပါလစာမေးပွဲ အောင်လက်မှတ်နှင့် အောင်ဆုချီးမြှင့်ဆက်ကပ်သည့် ဆုနှင်းသဘင် ကျင်းပ

မြိတ်   မေ   ၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့်  အကြိမ်(၂၀)မြောက် ပရိယတ္တိသာသနပါလစာမေးပွဲ အောင်လက်မှတ်နှင့် အောင်ဆုချီးမြှင့် ဆက်ကပ်သည့် ဆုနှင်းသဘင်ကို ယမန်နေ့ နေ့လယ်ပိုင်းက စေတီတော်ဗုဒ္ဓသာသနာ့ဗိမာန်၌  ကျင်းပခဲ့ကြသည်။

ဆုနှင်းသဘင်ကို ဆရာတော် သံဃာတော် သီလရှင်များ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော် သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တလာသန လှည်းဘီးပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ပြီး သြဝါဒများ နာယူခဲ့ကြသည်။

ဆက်လက်၍ ပရိယတ္တိသာသနပါလစာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသည့် သာသနာ့ အာဇာနည် အရှင်သူမြတ်များအား ထုတိသြဘာမင်္ဂလာကဗျာဖြင့် စေတီတော် ဥပါသိကာအဖွဲ့မှ ရွတ်ဆိုပူဇော်ခဲ့ကြပြီး စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစံရည်မှ ပရိယတ္တိသာသနပါလစာမေးပွဲ ကျင်းပရေးနှင့် ပတ်သက်၍ လျှောက်ထားသည်။

ယင်းနောက် အကြိမ်(၂၀)မြောက် ပရိယတ္တိသာသနပါလ စာမေးပွဲအောင်မြင်တော်မူကြသည့် သံဃာ တော်၊ သာမဏေ၊ သီလရှင်(၇၇)ပါးအား စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့် အောင်ဆုများ ချီးမြှင့်ဆက်ကပ်ကြ၍ ဆရာဆုများ ဆက်ကပ်လှူဒါန်းကြကာ သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် စာမေးပွဲဦးဆောင်ဆရာတော်များအား လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ လှူဒါန်းမှု အစုစုတို့အတွက် စေတီတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည ကန်သာကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားများ နာယူကြ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သာသနာ့အဓိဋ္ဌာန် သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြသည်။

ပရိယတ္တိသာသနပါလစာမေးပွဲကို ဖေဖော်ဝါရီ(၅)ရက်မှ (၁၁)ရက်နေ့အထိ လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တော်၌   စာမေးပွဲကြီးကြပ်ရေးဆရာတော်များအဖွဲ့ ဖွဲ့စည်း၍ စနစ်တကျ ကျင်းပပြုလုပ်ခဲ့ရာ စာမေးပွဲတွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းနှင့်  အခြေခံတန်းတို့တွင် စုစုပေါင်း သံဃာတော်နှင့် သီလရှင်(၇၇)ပါး အောင်မြင်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)