မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ခန်ကုန်းကျွေးရွာမှ မီးဘေးသင့်အိမ်ထောင်စုများအတွက် ယာယီနေအိမ် (၃၁)လုံး အခမဲ့ဆောက်လုပ်ပေး

မင်းဘူး ဧပြီ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ခန်ကုန်းကျေးရွာမှ မီးဘေးသင့် အိမ်ထောင်စုများအတွက် ယာယီနေအိမ်(၃၁)လုံးကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနက အခမဲ့ဆောက်လုပ်ပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မီးဘေးသင့်အိမ်ထောင်စုများအတွက် ယာယီနေအိမ်များ ဆောက်လုပ်ပေးနေမှုကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်၌ မီးဘေးသင့်အိမ်ထောင်စုများနှင့်တွေ့ဆုံစဉ် ဒေသခံပြည်သူများ၏ ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

“ခန်ကုန်းကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စု(၃၁)စုအတွက် ယာယီနေအိမ်နဲ့ အိမ်သာတွေကို ယခုလ ၁၇ ရက်ကနေ စတင်ပြီးတော့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ အခမဲ့ ဆောက်လုပ် ပေးနေတာဖြစ်ပါတယ်။ (၁၄)ပေပတ်လည် ထရံကာ၊ သက္ကယ်မိုး၊ ဝါးကြမ်းခင်း၊ သုံးပင် ပတ်လည် မြေစိုက်ယာယီနေအိမ် အမျိုးအစားဖြစ်ပြီးတော့ နေအိမ်တစ်လုံးတန်ဖိုးက ၈၁၅၀၀၀ ကျပ်နဲ့ သိမ်သာ တစ်လုံး တန်ဖိုးက ၁၅၅၀၀၀ ကျပ် ကျသင့်တာပါ။ အခုဆိုရင် အချောသတ်ပြီးတာက (၅)လုံးနဲ့ အကြမ်းထည် ၂၉ လုံး ဆောက်လုပ်ပြီးစီးနေပါပြီ၊ မတ်လ ၁၅ ရက်နေ့မှာ အားလုံးပြီးစီးအောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ခရိုင်သစ်တောဦးစီးမှူးက ရှင်းလင်းပြောကြားသည်။

ခန်ကုန်းကျေးရွာ၌ ဧပြီ ၂ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု (၃၄)စုမှ အိမ်ခြေ (၃၂)လုံး၊ လူဦးရေ (၁၄၈)ဦး မီးဘေးသင့်ခဲ့ရကြောင်း၊ အဆိုပါ မီးဘေးသင့်အိမ်ထောင်စုများအတွက် မြေနေရာနှင့် လမ်းအကျယ်သတ်မှတ်ပေးခြင်း၊ လျှပ်စစ်မီးပြန်လည်ရရှိရေး၊ သောက်သုံးရေရှိရေး၊ အိမ်ဆောက် စရိတ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ၊ ရာသီအလိုက်သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန် သီးနှံမျိုးစေ့များ၊ အိမ်ထောင်စုဇယာနှင့် မှတ်ပုံတင်များအပြင် အခြားလိုအပ်သော ပံ့ပိုးကူညီမှုများကို သက်ဆိုင်ရာ ဌာနများက လူမှုရေးအဖွဲ့အစည်းများနှင့်ပေါင်းစပ်ပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)