ကယားပြည်နယ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက် အခြေခံသင်တန်းများ ဆင်းပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော် ဧပြီ ၃၀

ကယားပြည်နယ် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက် အခြေခံသင်တန်းများ ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ပညာရေးမှူးရုံး၊ ပညာဗိမ္မာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် ဦးတည်ချက်ထားပြီး ဆောင်ရွက်နေကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ အနာဂတ် မျိုးဆက်သစ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုပြီး ဘက်စုံ၊ ကဏ္ဍစုံအားပေးကူညီ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက် ရေးတွင် အခြေခံကျသည့် ပညာရေးကဏ္ဍ တိုးတက်မြင့်မား လာစေရန် ကျရာတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ပြီး ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်အောင် ပြုစုပျိုးထောင် ပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံ့သားကောင်း၊ သမီးမွန်များအနေဖြင့် အနာဂတ်တွင် တိုင်းပြည်ကို ဦးဆောင်နိုင်ပြီး နိုင်ငံအတွက် အားထားရသော စည်းကမ်းကောင်းမွန်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် အသိပညာ၊ အတတ်ပညာများကို အားထုတ်ကြိုးပမ်းသင်ယူရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့ တွင် အခြေခံပညာ အဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီအားလပ်ရက်တွင် ဖွင့်လှစ်သော ကွန်ပျူတာအခြေခံ၊ အင်္ဂလိပ်စာ အခြေခံ၊ ပန်းချီ၊ ဘင်ခရာ၊ ပန်းပွားနှင့် ဓမ္မစကြာ သင်တန်းများတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း ကျောင်းသား ကျောင်းသူများအား ဆုများနှင့် သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေး စကားပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခြေခံပညာကျောင်းများမှ ဘင်ခရာတပ်ဖွဲ့များနှင့် ပန်းပွားအဖွဲ့ ကျောင်းသား၊ ကျောင်းသူများ၏မိုးလုံးမှိုင်းနှင့်ကန္ဒရဝတီသီချင်းများဖြင့် သရုပ်ပြဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာတပ်ဖွဲ့ နှင့် ပန်းပွားအဖွဲ့ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သရုပ်ပြအခမ်းအနားတွင် ခင်းကျင်း ပြသထားသော နွေရာသီပန်းချီသင်တန်းများ၌ ဆုရကျောင်းသား ကျောင်းသူများ၏ ပန်းချီပြိုင်ပွဲဝင်လက်ရာများနှင့် သင်တန်းမှတ်တမ်း ဓါတ်ပုံများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ကယားပြည်နယ် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက် အခြေခံ သင်တန်းများကို ပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့နှင့် မယ်စဲ့မြို့နယ်များတွင် ဖွင့်လှစ်ခဲ့ကြပြီး အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)