ဖောင်းပြင်မြို့နယ်တွင် မွေးမြူရေးလုပ်ကိုင်ခြင်းဖြင့် မိသားစုစီးပွားရေးအဆင်ပြေ

ဖောင်းပြင် ဧပြီ ၃၀

ဖောင်းပြင်မြို့နယ်တွင် CP ဝက်မွေးမြူခြင်းလုပ်ငန်းကို ယခင်က တစ်နိုင်တစ်ပိုင်မွေးမြူကြရာမှ ယခုအခါ စီးပွားဖြစ်မွေးမြူရေးစနစ်ဖြင့် အများပြားမွေးမြူလာကြပြီး မွေးမြူသည့်ကာလ ၄ လ ဝန်းကျင်တွင် ဈေးကွက်သို့ရောက်ရှိသဖြင့် လတိုအတွင်း ဝင်ငွေရရှိသောကြောင့် ဝက်မွေးမြူရေး လုပ်ငန်းဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“CP ဝက်ကို မွေးလာတာ အတော်ကြာပါပြီ အရင်ကတော့ အစမ်းသဘောနဲ့ သုံးကောင်လောက်ပဲ မွေးတာပါ။ ကြီးထွားမှုနှုန်းမြန်တယ်၊ ပြီးတော့ လိုင်စင်တွေကလည်း ဝယ်အားကောင်းတော့ ဒီနောက်ပိုင်းမှာ စီးပွားဖြစ်မွေးမယ်ဆိုပြီး အများအပြားမွေးဖြစ်တယ်။ မွေးတဲ့သက်တမ်းကတော့ သုံးလသား၊ လေးလသားဆို ပိဿာချိန်အနည်းဆုံး လေးဆယ်ဝန်းကျင်မှာ ရောက်ရှိနေပြီဖြစ်လို့ အချိန်တိုအတွင်းမှာ ဝင်ငွေရရှိပြီ ဖြစ်ပါတယ်။ ဝက်တစ်ကောင်ကို အနည်းဆုံး နှစ်သိန်းလောက်တော့ အမြတ်ရရှိပါတယ်”ဟု ဝက်မွေးမြူရေးလုပ်ကိုင်သူ ဦးမျိုးသိန်းက ပြောပြသည်။

ဝက်မွေးမြူရာတွင် အစာကျွေးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ မွေးမြူသည့်နေရာအား လေကောင်းလေသန့်ရရှိရေးနှင့် သန့်ရှင်းမှုသည် အဓိကဖြစ်ကြောင်း ထို့ပြင် ဝက်သားပေါက်မျိုးရင်း မှန်ကန်မှုသည်လည်း အဓိကဖြစ်ကြောင်း၊ ဝက်အားတစ်သီးမွေး ၁၀ ကောင်နှုန်းဖြင့် စဉ်ဆက်မပြတ် ရောင်းချနိုင်ရန် စီစဉ်ကာမွေးမြူနိုင်ကြောင်း၊ ဝက် ၁၀ ကောင်အား ရောင်းချရပါက အမြတ်ငွေကျပ် သိန်း ၂၀ ခန့် ရှိနိုင်ကြောင်း သိရသည်။

ထိုဒေသတွင် ဒေသဝက်မျိုးကို အဓိကထားမွေးမြူလေ့ရှိကြပြီး ဒေသဝက်မျိုးမွေးမြူရာတွင် CP ဝက်မျိုးထက် ကုန်မှုစရိတ်သက်သာသော်လည်း ဈေးကွက်သို့ရောက်ရှိရန် အချိန်ကြာကြာမွေးမြူ ရကြောင်း၊ CP ဝက်မျိုးသည် ဈေးကွက်သို့ အမြန်ရောက်ရှိသဖြင့် ဝင်ငွေလျင်မြန်စွာရရှိနိုင်ကြောင်း၊ လက်ရှိတွင် ဝက်သားဈေးနှုန်းသည် မြို့မစည်ပင်သာယာဈေး၌ ၂၂၀၀၀ ကျပ်ရှိပြီး မွေးမြူရေး လုပ်ကိုင်သူများက တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဈေးနှုန်းဖြင့် တွက်ဆကာ အကောင်ပြတ် ရောင်းချကြကြောင်း သိရသည်။

 ကိုထွန်း(ဖောင်းပြင်)