ဖားဆောင်း အောက်တိုဘာ ၅
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလတစ်ရက်နေ့မှစတင်၍ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာ ထားရှိခြင်းကို ယမန်နေ့ညနေပိုင်းက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးသန်းစိုးနှင့် အဖွဲ့ဝင်များ၊ဘောလခဲခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ဖားဆောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးအောင်ထွန်းနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် စာရင်းများဒုတိယအကြိမ် ကပ်ထားကြေညာထားရှိရာ၌ မဲဆန္ဒရှင်စာရင်းပုံစံ(၁)နှင့်ပုံစံ(၁-က)များ ကပ်ထားမှုနှင့်မဲဆန္ဒရှင်စာရင်းများကျန်ရှိမှုမရှိစေရေး၊မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး “သင့်အမည်မဲဆန္ဒရှင်စာရင်းမှာပါ/မပါစစ်ဆေးပြီး ပြီလား””ဘေးကင်းလုံခြုံစွာမဲပေးပါ”စသည့် ပိုစတာများ “လက်ကမ်းစာစောင်”များကိုလည်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဌများထံသို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌက လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)