ကန့်ဘလူ ဧပြီ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းထောက်များအတွက် ပြည်သူ့ဆက်ဆံရေးသင်ခန်းစာမှတ်စု လက်စွဲစာစောင်အား ဝန်ထမ်းများစုပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဧပြီ ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲက ကျင်းပ ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက စကားပြောနည်းများမှ PREP စနစ်ဖြင့် ပြောကြားခြင်း၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်စနစ်ဖြင့် ပြောကြားခြင်း၊ နာရီချိန်သီးစနစ်ဖြင့် ပြောကြားခြင်း၊ ပြဿနာ-ဖြေရှင်းနည်းစနစ်ဖြင့် ပြောကြားခြင်း ခေါင်းစဥ်များအလိုက် ရှင်းလင်းဆွေးနွေး၍လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းမောင်က သတင်းကောင်း တစ်ပုဒ်တွင် ပါဝင်ရမည့်အချက်များမှ အချိန်ကိုက်ဖြစ်ခြင်း၊ ပမာဏနှင့်အကျိုးသက်ရောက်မှု၊ အငြင်းပွားမှု၊ ဆန့်ကျင်ဘက်ဖြစ်မှု ခေါင်းစဥ်များအလိုက် ရှင်းလင်း ဆွေးနွေး၍လည်းကောင်း၊ လုပ်သားရုပ်သံ ဦးအေးမင်းထွန်းက မျှော်လင့်မထားမှု၊ လူစိတ်ဝင်စားမှု၊ လူသိများမှု၊ အကျိုးဆက်၊ ထူးခြားဖြစ်စဥ် ခေါင်းစဥ်များအလိုက် ရှင်းလင်းဆွေးနွေး၍လည်းကောင်း အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး ဝန်ထမ်းများ ၊ စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)