ပေါက်ခေါင်း ဧပြီ ၂၉
၁၃၈၅ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နေ့ထူးနေ့မြတ်တွင် အစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးကိုကိုနိုင်က အဖွင့်အမှာစကားပြောကြားရာမှာ ပေါက်ခေါင်းမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓနေ့အခမ်းအနားနှင့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်ဌာမဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်စေတနာရှင်အလှူရှင်များက ဝိုင်းဝန်းပူးပေါင်းပါဝင်ကုသိုလ်ပြုနိုင်ရေး ကူညီဆောင်ရွက်ပေးပါရန် တိုက်တွန်းပြောကြားပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက လိုအပ်သည်များကိုဖြည့်စွက်ပြောကြားသည်။
ကဆုန်လပြည့်(ဗုဒ္ဓနေ့)အခမ်းအနားနှင့် ညောင်ရေသွန်းပွဲတော်ကို အမှတ်(၂)ရပ်ကွက် ပညာဇောတာရုံဘုန်းတော်ကြီးကျောင်းဝန်းရှိ မဟာဗောဓိညောင်ပင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စေတနာရှင်အလှူရှင်မိသားစုများက စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ ဆက်)