စလင်း ဧပြီ ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ဧပြီလ(၂၁)ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက် (၉) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၆) အုပ်စု၊ ကျေးရွာပေါင်း (၁၀၃) ရွာတို့ရှိ လူနေအိမ်ပျက်စီး (၇၀၁) အိမ်၊ ဘုန်းတော်ကြီးကျောင်း အမိုးလန်ပျက်စီး (၅) ကျောင်း၊ ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် (၅၅) အိမ်ထောင်စုတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် စားနပ်ရိက္ခာအတွက်ဆန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ် ရေးမှူးရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်က ဧပြီလ (၂၁) ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့်ဖြစ်ပွားခဲ့သည့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှပြိုလဲ ပျက်စီးသည့် လူနေအိမ်နှင့်အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်များ၊ ဘုန်းတော်ကြီး ကျောင်းများအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့်စားနပ်ရိက္ခာဆန်တို့အား ထောက်ပံ့ပေးအပ်သည့်အကြောင်း အရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မင်းဘူးခရိုင် လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ကေသွယ်ဝင်းက စလင်းမြို့နယ်မှ ရပ်ကွက်(၉)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၆) အုပ်စု၊ ကျေးရွာပေါင်း (၁၀၃) ရွာတို့မှ (၄) ပင် ပတ်လည်သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းပြိုကျ လူနေ အိမ် (၅၅) လုံး၊ (၄)ပင်ပတ်လည်သွပ်မိုး ထရံကာ၊ ဝါးကြမ်းခင်းအမိုးလန်နေအိမ် (၇၀၁) အိမ်၊ အမိုးလန်ပျက်စီး ဘုန်းတော်ကြီးကျောင်း (၅) ကျောင်းတို့အတွက် အမိုးလန်လူနေ အိမ်တစ်လုံးလျှင် (၅၀၀၀၀) ကျပ်နှုန်းဖြင့် (၃၅၀၅၀၀၀၀)ကျပ်၊ အမိုးလန်ဘုန်းတော်ကြီးကျောင်း (၅) ကျောင်းအတွက် တစ်ကျောင်းလျင် (၅၀၀၀၀) ကျပ်နှုန်းဖြင့် (၂၅၀၀၀၀) ကျပ်၊ ပြိုကျပျက်စီးခဲ့ သည့် လူနေအိမ် (၅၅) လုံးတို့အတွက် တစ်အိမ်လျင် (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် (၅၅၀၀၀၀၀) ကျပ်နှင့်ပြိုကျပျက်စီးသွားသည့် အိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးအား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ယခင်က စားနပ်ရိက္ခာ အတွက် လူတစ်ဦးလျှင်တစ်ပတ်စာ (၂၁၀၀) ကျပ်နှုန်းထောက်ပံ့ပေးအပ်ခဲ့ရာမှ မကွေးတိုင်း ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့၏ စေတနာတို့ဖြင့် ယခုအခါ လူတစ်ဦးအတွက် တစ်ပတ်စာ ဆန် ၃ ပြည် ၄ ပုံးနှုန်းဖြင့် လူဦးရေ (၃၁၈၉) ဦးအား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မင်ဘူးခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်း၊ စလင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှဦးစီးမှူး ဒေါ်ဝင့်သီတာမောင်တို့က လေဘေးသင့်အိမ်ထောင်စု (၇၅၆) စု၊ ဘုန်းတော်ကြီးကျောင်း အမိုးလန်အပါအဝင် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ အိမ်ဆောက်ပစ္စည်းဖိုးငွေများအား ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတဆင့်ပေးအပ်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်း (၄၀၈၀၀.၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဒေါ်ဝင့်သီတာမောင်ထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်