မယ်စဲ့ ဧပြီ ၂၈
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါအပိုဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါအပိုဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဌာနမှ အထက်တန်းသူနာပြု ဆရာမဒေါ်နန်းဝင်းကြည်နှင့် ကျန်းမာရေးဆရာမများ၊ ဝန်ထမ်းများက မယ်စဲ့မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီး ခြောက်လနှင့်အထက်ရှိသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား အပိုဆောင်းကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံထားသူများတွင် ရောဂါခံစားရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်သဖြင့် ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေးနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား မြို့နယ်ကျန်းမာရေးဌာနမှ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝတ်ရည်(မယ်စဲ့)