ဖျာပုံမြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆွမ်းဆန်စိမ်းများ လှူဒါန်း

ဖျာပုံ  အောက်တိုဘာ  ၅

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါများ ဖြစ်ပွားနေသည့် ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများရှိ စာသင်တိုက်များသို့ ဆွမ်းဆန်စိမ်းများ အဆင်ပြေ စေရန် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းဖွဲ့စည်းထားသည့် ဇောတိကအဖွဲ့မှ ဆွမ်းဆန်စိမ်းများကို ယမန်နေ့နေ့လယ် ၁၂ နာရီခွဲက သွားရောက် လှူဒါန်းခဲ့သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့်အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာနထိုင်လျက်သည့်  ဘုန်းတော်ကြီး ကျောင်းနှင့် စာသင်တိုက်များ ဆွမ်းဆန်စိမ်းများ အဆင်ပြေစေရန်အတွက် ဖျာပုံခရိုင်အဆင့်ဌာနဆိုင် ရာများပူးပေါင်းဖွဲ့စည်းထားသည့် (ဇောတိက) အဖွဲ့က  ၁၉ရပ်ကွက်ရှိ အနန္တဂုဏ်ရည်ကျောင်းနှင့် (၁၈) ရပ်ကွက်ရှိ သာသနလင်းရောင်ခြည်ပရဟိတကျောင်းတိုက်များသို့  ဆန်(၆)အိတ်၊ ဆီ(၁၅) ပိဿာ၊ ကုလားပဲ(၆)ပိဿာ ၊ ကြက်သွန်(၁၀)ပိဿာ၊ ငါးသေတ္တာဗူး(၇)ကဒ် နှင့် ကော်ဖီမစ် (၄)ပါကင် တို့ကို သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့ လှူဒါန်းခဲ့မှုကို သာသနလင်းရောင်ခြည်ပရဟိတကျောင်းထိုင် ဆရာတော်မှ မိမိတို့ကျောင်း တွင် နှစ်ရက်လျှင် ဆန်တစ်အိတ်ကုန်သည့်အတွက် ယခုလိုစေတနာရှင်များ လာရောက် လှူဒါန်းမှုကို ဝမ်းသာပိတိဖြစ်မိပြီး   နောင်လည်း ယခုလိုလှူဒါန်းပေးရန်နှင့် မိမိအနည်းဝန်ကျင်ရှိ လူများ လှူဒါန်းနိုင်ရေးကို လက်ဆင့်ကမ်း နှိုးဆော်မှုများ ပြုလုပ်ပေးရန် မိန့်ကြားခဲ့ကြောင်း သိရှိရသည်။

လှလှနွယ် (ခရိုင်ပြန်/ဆက်)