ကန့်ဘလူ ဧပြီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်တွင် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲကို ဧပြီ ၂၇ ရက်မွန်းလွဲ ၁ နာရီက ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တာဝန်ပေးအပ်ပွဲတွင် ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေအတွက်အပြင် ဒေသခံပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိစေမည့် လိုအပ်ချက်များ၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတို ကာလရှည်စီမံ ကိန်းများရေးဆွဲပြီး ဘဏ္ဍာနှစ်အလိုက် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ နိုင်ငံတော်/တိုင်းဒေသကြီးက ချမှတ်သည့် စီမံကိန်းများ ပြည့်မီအောင် သက်ဆိုက်ရာ ဌာနများက ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှူး ဒေါ်အေးအေးဆွေက ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို ကန့်ဘလူခရိုင် အတွင်းရှိ ကန့်ဘလူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများထံသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်ကလည်းကောင်း၊ ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဝင်များက သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ ထံသို့လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)