ပွင့်ဖြူ ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက ဒေသတွင်းစားသုံးဆီ ဖူလုံစေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် ဧပြီလ ပထမပတ်က စတင်ကာ မိုးကြိုနေကြာသီးနှံအား စိုက်ပျိုးဆောင်ရွက်ခဲ့ပြီး ယနေ့အထိ မိုးကြိုနေကြာသီးနှံ ဧက ၂၀ ခန့် စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
"ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူတွေဟာ စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းတဲ့အတွက် သီးနှံဝင်ငွေ တိုးပွားစေဖို့ တစ်နှစ်ပတ်လုံး ဈေးကွက်ကောင်းမွန်သည့် သီးနှံများကို စီးပွားဖြစ်ရွေးချယ် စိုက်ပျိုးလုပ်ကိုင်ကြတယ်။ ယခုဆိုရင် မြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသအချို့မှာ တောင်သူတွေက ဒေသတွင်း စားသုံးဆီ ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားရေန် ရည်ရွယ်ပြီးတော့ ဈေးကွက်ရှိတဲ့ ဆီထွက်သီးနှံနေကြာကို မိုးကြိုသီးနှံအဖြစ် စိုက်ပျိုးလုပ်ကိုင်နေကြတယ်။ အချို့တောင်သူတွေကလဲ နွေစပါးနဲ့ နွေနှမ်းကို သတ်မှတ်လျာထားဧက ပြည့်မီအောင် ကြိုးပမ်း စိုက်ပျိုးနေကြပါတယ်။ မိုးကြို နေကြာသီးနှံကိုလဲ ဒေသခံတောင်သူတွေက နွေစပါး၊ နွေနှမ်းနဲ့အပြိုင် ဧပြီလ ပထမပတ်ကစပြီး စိုက်ပျိုးလုပ်ကိုင်နေကြတယ်။ ယနေ့အထိဆိုရင် မိုးကြိုနေကြာသီးနှံ ဧက ၂၀ လောက် စိုက်ပျိုးပြီးစီး သွားပြီဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့ နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းမှုရှိသဖြင့် တစ်နှစ် ပတ်လုံး သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြပြီး ထိုသို့ သီးနှံများစိုက်ပျိုးရာ၌ သီးနှံဝင်ငွေ တွင်ခြေကိုက်သည့်သီးနှံများကို ရွေးချယ်စိုက်ကြကြောင်း သိရသည်။ ယခု နွေသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါး၊ နွေနှမ်းနှင့် အခြားနွေသီးနှံများကို သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက် ကြိုးပမ်း စိုက်ပျိုးလျက်ရှိကာ အချို့တောင်သူများက သီးနှံဝင်ငွေ ပိုမိုတိုးပွား စေရန်အတွက် နွေစပါး၊ နွေနှမ်းနှင့်အပြိုင်ဈေးကွက်ရှိသည့် ပဲတီစိမ်းသီးနှံနှင့် ဆီထွက်သီးနှံနေကြာအား မိုးကြိုသီးနှံအဖြစ် ကြိုးပမ်းစိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )