မိုးနဲမြို့နယ်၌ ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲ နောက်ဆုံးနေ့ အဘိဓမ္မာဘာသာရပ်ကို (၃၁) ဦးဝင်ရောက်ဖြေဆို

မိုးနဲ ဧပြီ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်မြေရပ်ကွက် ဝိဇ္ဇာရိယပရိယတ္တိ သတ္တမပါလဘုန်းတော်ကြီးသင်စာသင်တိုက်၌ ဧပြီလ ၂၅ ရက်နေ့မှစ၍ ယဥ်ကျေးမှုဘာသာ၊ မြန်မာစာဘာသာတို့ကို ဖြေဆိုခဲ့ကြရာ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်တွင်လည်း နောက်ဆုံးနေ့ နောက်ဆုံးဘာသာ အဘိဓမ္မာဘာသာရပ်ကို ကျောင်းသား/သူ (၄၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သံဃနာယကအဖွဲ့မှ ကြီးမှူး၍ (၃၈)ကြိမ်မြောက်အဖြစ် မတ်လ ၆ ရက်နေ့မှ စတင်ကာ ဆရာ ဦးကျော်စိုးမိုးစိန်နှင့် ဆရာမများပူးပေါင်းကာ စတင်သင်ကြားပေးခဲ့ကြောင်း၊ ဧပြီလ ၂၅ ရက်နေ့မှစ၍ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီအချိန်အထိ ၃ ရက်တာစာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ဆရာမများ၊ သံဃာတော်များ၊ သာသနာရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်းကာ စာမေးပွဲခန်းတွင်းလိုအပ်သည်များ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယမန်နေ့ တွင် နောက်ဆုံးနေ့ နောက်ဆုံးဘာသာ အဘိဓမ္မာဘာသာရပ်ကို ကျောင်းသား/သူ (၃၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် ဝိဇ္ဇာရိယပရိယတ္တိသတ္တမပါလစာသင်တိုက် ကျောင်းထိုင် ဆရာတော်၊ သာသနာ့ပါလကျောင်းတိုက် ကျောင်းထိုင်ဆရာတော်နှင့် တပ်နယ်မှူး ဒုတိယ ဗိုလ်မှူးကြီး တိုးဝင်းဖေတို့မှ လာရောက်ကြီးကြပ်ပေးခဲ့ကြကြောင်း မြို့နယ် သာသနာရေး ဦးစီးဌာနမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)