တမူးခရိုင်၊ မြို့သစ်မြို့၊ ဗန္ဓုလ‌ကျေးရွာ၌ ကိုဗစ်-၁၉  စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မျိုးစေ့ထုတ် စိုက်ခင်းအား မျိုးကွဲနုတ်ပယ်ခြင်း ကွင်းဆင်း ဆောင်ရွက်

မြို့သစ် အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၌ နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုဖြင့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်းအား မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းကို ယမန်နေ့ နေ့လယ် ၁၁နာရီအချိန်ခန့်က မြို့သစ်မြို့၊ ဗန္ဓုလကျေးရွာရှိ တောင်သူ ဦးမျိုးထွန်း၏ မှော်ဘီ-၂ မျိုးစေ့ထုတ် စိုက်ခင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့သစ်မြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်ကိုကိုနှင့် ဝန်ထမ်းများက တောင်သူများအား အသိပညာပေးခြင်းနှင့် မျိုးကွဲနုတ်ပယ်ခြင်းတို့ကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မျိုးကွဲနှုတ်ပယ်ရခြင်းမှာ စပါးမျိုးစေ့ထုတ်လုပ်ငန်းတွင် မျိုးသန့်ငါးဆယ်ရာခိုင်နှုန်း ရရှိရေးအတွက် ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ရပ်ဖြစ်ရာ မျိုးစေ့ထုတ် စိုက်ခင်းအားလုံးတွင် စပါးပင် သက်တမ်းတစ်လျှောက် ပင်ပွားစုံချိန်တစ်ခါ၊ ပန်းပွင့်စုံချိန်တစ်ခါ၊ အနှံစုံချိန်တစ်ခါ အနည်းဆုံး (၃)ကြိမ် ဆောင်ရွက်ရမည်ဖြစ်ပြီး အကြိမ်များများ ပယ်နိုင်လေ မျိုးသန့်လေဖြစ်ကြောင်း၊ ယခုအကြိမ်သည် ဒုတိယအကြိမ် ဆောင်ရွက်ခြင်းဖြစ်ပြီး ပင်ပွားစုံချိန်လို့လည်းခေါ်ကြောင်း မြို့သစ်မြို့၊ စိုက်ပျိုး ရေးဦးစီးမှူး ဦးမြင့်ကိုကို ကပြောကြားသည်။

မြို့သစ်မြို့တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ဧကစုစုပေါင်း (၁၃၀)ဧကရှိပြီး နိုင်ငံတော်က ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့ဖိုးနှင့် အပင်ပြုစုခြင်း လုပ်အားခများကိုလည်း ထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)