မအူပင်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေးကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းနည်းပါးပြီး Stay at Home နေစဉ် မိသားစုများ အဆင်ပြေရန် အလှူရှင်များက လှူဒါန်း

မအူပင်  အောက်တိုဘာ  ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးပြီး Stay at Home (မိမိအိမ်မှာဘဲနေစဉ်) အခြေခံလူတန်းစား မိသားစုများအလိုက် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စေတနာရှင် ပြည်သူများက ဘက်စုံအသုံးပြုရန် လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းရာတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် မအူပင်မြို့နယ် တပင်ရွှေထီးဆန်စက်နှင့် ရွှေဆိုင်မိသားစု ဦးဒလစ်(ခ)ဦးဉာဏ်ထွန်းနှင့် ဒေါ်စန်းစန်းမြင့် မိသားစုမှ မအူပင်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ လူနာများကုသရာတွင် လိုအပ်သော Oxygen Concentration(၈)လုံး၊ Patient monitor (၃)လုံး၊ စတီးကုတင်အလုံး ၃၀ Mask များနှင့် PPE ဝတ်စုံစသည့် သိန်း (၁၃၀)ကျော်တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများအား အောက်တိုဘာ ၂ ရက် နေ့လည်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဦးဒလစ်(ခ)ဦးဉာဏ်ထွန်းနှင့် ဒေါ်စန်းစန်းမြင့် တပင်ရွှေထီးဆန်စက်နှင့် ရွှေဆိုင်မိသားစုက မအူပင်မြို့ပေါ်ရှိ (၁၂)ရပ်ကွက်မှအခြေခံလူတန်းစားအိမ်ထောင်စုများနှင့် တလုပ်လပ်အရှေ့ကျေးရွာအုပ်စုနှင့် ဆက်စပ်လျက်ရှိသော ကျေးရွာများရှိအ ခြေခံလူတန်းစား မိသားစုများ စားသောက်ကုန်အခက်အခဲမရှိစေရန်အတွက် တစ်အိမ်ထောင် ဆန် ၅ ပြည်နှုန်းနှင့် စားသောက်ကုန်များကို သံဃာတော်ဆရာတော်များထံတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကပ်ဘေးမှ ကင်းဝေးနိုင်ရန် ပရိတ်ပဌာန်းရွတ်ဖတ်ပူဇော်ကာ ရပ်ကွက်အလိုက် အိမ်တိုင်ယာ ရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း Stay at Home ကာလဖြစ်သည့်အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများအား ဖုန်းဖြင့် ဆက်သွယ်ကာ စာရင်းပြုစုပြီး လိုအပ်ချက်ရှိပါက ဆက်လက် လှူဒါန်းပေးမည်ဖြစ်ပြီး ယခုလှူဒါန်း သောကာလတန်ဖိုးမှာ သိန်း ၅ ထောင်ခန့်ရှိကြောင်း အလှူရှင်မိသားစုထံက သိရသည်။

အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)