ပုလော အောက်တိုဘာလ ၅
တနင်္သာရီတိုင်းဒေသကြီး လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်၀န်ကြီးဌာန၀န်ကြီး ဦးကျော်မင်းနှင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူများထားရှိရာ Quarantine Center များ ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့ နေ့လယ် (၂)နာရီက ပုလောမြို့နယ်ခန်းမ၌ တွေ့ဆုံဆွေးနွေး ခဲ့သည်။
ဆွေးနွေးပွဲ၌ ၀န်ကြီးဦးကျော်မင်းက ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါပိုးရှိသူ ရှိလာပြီဖြစ်၍ အရေးပေါ် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လူမှုရေး အသင်းအဖွဲ့များကလည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများကို တွေ့ရှိရ၍များစွာ ၀မ်းမြောက်ဂုဏ်ယူ မိကြောင်း၊ ပြည်သူများအား စိုးရိမ်ထိတ်လန့်မှုမရှိစေရေးအတွက် သတင်း မှန်ကန် မှု ရရှိစေရန် ချပြပေးစေလိုကြောင်း ဆွေးနွေးခဲ့သည်။
ယင်းနောက် မြို့နယ်မှ တာ၀န်ရှိသူများက ကိုဗစ်−၁၉ ရောဂါပိုး တွေ့ရှိသူများ ထားရှိရာ Quarantine Center များ တွင် ရောဂါ ကုသနိုင်ရေးနှင့် အာဟာရ ပံ့ပိုးမှု ၊ စေတနာရှင် ပြည်သူများ၏ လှူဒါန်း ပံ့ပိုးမှုများ နှင့် Quarantine Center ကြိုတင် ပြင်ဆင်ရန် လိုအပ်သည်များ အပြန်အလှန် ဆွေးနွေး တင်ပြခဲ့ကြောင်းသိရသည်။
ထိုနောက် မြိတ်ဒေသ ကိုဗစ်−၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးအတွက် အထောက်အကူပြု ကော်မတီမှ ပုလောမြို့နယ် ပြည်သူ့ဆေးရုံးကြီးတွင် အသုံးပြုနိုင်ရန် PPE(၅၀)ထည်၊PPE Set(၈)စုံ၊ Surgical Gown (၁၀၀)ထည်၊ Surgical Cap (၅၀၀)ခု၊ Surgical Gloves(၁၀၀)ခု၊ Oximeter (၅)ခု၊ Digital BP Cup(၁)ခု၊ Infrared thermometer (၃)ခု၊ Eye Shield (၂၅)ခု၊ မျက်နှာသုတ်ပုဝါ(ပိုးတွေ့ သံဃာတော်များအတွက်(၅၀) ခု ကို လာရောက် လှူဒါန်းရာ တာ၀န်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော ပြန်/ဆက်)