ကန်ကြီးထောင့် အောက်တိုဘာ ၅
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခခန်းမ၌ စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် “ကန်ကြီးထောင့်မြို့နယ် ဌာနဆိုင်ရာရုံးများတွင် တာဝန်ထမ်းဆောင်နေသော ပုသိမ်မြို့နယ်မှ ဝန်ထမ်းများ သွားလာရေးကိစ္စများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး” တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ Pathein Case - 77 (ပုသိမ် / ကန်ကြီးထောင့် ကျေးလက်လမ်းဦးစီး)နှင့်အတူ အစည်းအဝေးတက်ရောက်ခဲ့သည့် မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာအကြီးအကဲများနှင့် အခြားအဆင့်ဝန်ထမ်းပေါင်း (၂၉) ဦးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Home Quarantine ထားရှိသူ (၁) ဦး စုစုပေါင်း (၃၀) ဦးတို့၏ Swab များအား အောက်တိုဘာ ၃ ရက်၊ နံနက်ပိုင်းကရယူခဲ့ပြီး ဓာတ်ခွဲစစ်ဆေး နိုင်ရန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ဆက်လက်ပေးပို့သွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် အစည်းအဝေးအတူ တက်ရောက်ခဲ့သူ အားလုံးကို စက်တင်ဘာ ၃၀ ရက်မှစ၍ ၎င်းတို့၏ နေအိမ်များတွင် (Home Quarantine) အဖြစ် (၇) ရက် အသွားအလာ ကန့်သတ်ထားရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
နန်းထိုက် (ပြန်/ဆက်)