ဖျာပုံ ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ကမ်းနီးကမ်းဝေး ရေလုပ်ငန်းရှင်များအား၊ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက တွေ့ဆုံ၍ ငါးသားပေါက်ရာသီကာလဖြစ်သော ၂၀၂၃ ခုနှစ် ဧပြီ၊ မေ၊ ဇွန်လ(၃) လအား ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်ထားရှိမှုနှင့် ပတ်သက်၍ ငါးဖမ်းရေယာဥ်များအား (၃၁-၃-၂၀၂၃) ရက်နေ့တွင် သက်ဆိုင်ရာ စစ်ဆေးရေးစခန်းများသို့ ဝင်ရောက်ရမည်ဖြစ်ပြီး၊ ငါးမဖမ်းရ ရာသီကာလအတွင်း ပင်လယ်ပြင်တွင် ကျားဖောင်များ လုပ်ငန်းလုပ်ကိုင်မှုမရှိစေရေး၊ ကမ်းနီးကမ်းဝေး လုပ်ငန်းရှင်များအား တွေ့ဆုံပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဘုန်းကြီးသောင် ကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံအသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထို့သို ကမ်းနီးကမ်းဝေး ရေလုပ်ငန်းရှင်များအား ငါးသားပေါက်ရာသီကာလ ဧပြီ၊ မေ၊ ဇွန်လများတွင် ငါးမဖမ်းရေးအသိပညာပေး ဆောင်ရွက်ရာတွင် ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကိုကိုလွင်က ငါးမဖမ်းရရာသီအဖြစ် ၂၀၂၃ ခုနှစ် (ဧပြီ၊ မေ၊ ဇွန်) လတို့တွင် ငါးသားပေါက်ရာသီ၊ ငါးများဥကပ်သည့် ရာသီဖြစ်သည့်အတွက် ငါးများ ဖမ်းဆီးခြင်း မပြုလုပ်ရန်းနှင့် Close Season ကာလအတွင်း တရားမဝင် ကျားဖောင်လုပ်ကိုင်ခြင်း မရှိစေရေး၊ သတ်မှတ်ထားသော ခွင့်ပြုကိရိယာအရေအတွက် (၈)ဖောင်ထက် ပိုမိုလုပ်ကိုင်မှုမရှိစေရေး၊ ငါးဖမ်းကိရိယာ မှန်ကန်စွာ လုပ်ကိုင်စေရေး၊ ကမ်းဝေးငါးဖမ်းလိုင်စင်မရှိဘဲ အင်္ဂလန်ကျားဖောင် လုပ်ကိုင်မှုမရှိစေရေးနှင့် လာမည့်လုပ်ငန်းရာသီအတွက် လုပ်ငန်းရာသီ မစမီ ကျားဖောင်လုပ်ကိုင်သော ကျေးရွာများသို့ ကွင်းဆင်းပြီး၊ ကြိုတင်စစ်ဆေး ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကမ်းနီးကမ်းဝေး လုပ်ငန်းရှင်များက သိရှိလိုသည်များအား အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)