မြို့အဝင် လုံခြုံရေးစစ်ဆေးသူများအတွက် TS စက်သုံးဆီဆိုင်မှ နေ့လယ်စာတစ်လလုံးလှူဒါန်းမည်

ကျောင်းကုန်း    အောက်တိုဘာ    ၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း ရောဂါပိုးကူးစက် ပျံ့နှံ့မှုမရှိစေရေးအတွက် မြို့အဝင် ဗိုလ်ချုပ်ပန်းခြံ အနီးနှင့် ကျောင်းကုန်းတံတားအောက် စစ်ဆေးရေးဂိတ်(၂)ခု ထားရှိကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်လုံခြုံရေး စစ်ဆေးရေးဂိတ်များတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့တို့က နေ့စဉ်ဆောင်ရွက်လျှက်ရှိပြီး၊ မြို့နယ်ဌာနဆိုင်ရာအကြီး အကဲများကလည်း ကြီးကြပ်ကာ Stay at Home သတ်မှတ်ထားသော မြို့နယ်များမှလာရောက်သူများ ရှိ/မရှိ စစ်ဆေး‌ လျက်ရှိသည်။

အဆိုပါ လုံခြုံရေးစစ်ဆေးသူများအား ကိုသန်းဆွေ+မချိုချိုခိုင်(TS စက်သုံးဆီ အရောင်းဆိုင်) မိသားစုမှ အောက်တိုဘာလ တစ်လလုံး နေ့လယ်စာထမင်း လှူဒါန်းမည်ဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလ တစ်လလုံး လည်း ၎င်းတို့က လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)