ပွင့်ဖြူမြို့မ စည်ပင်သာယာဈေး မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ပွင့်ဖြူ ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့မစည်ပင်သာယာဈေးကြီးအား ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံစေရန်နှင့် ဈေးတွင်း၊ ဈေးပြင်ရှိ ဈေးဆိုင်ခန်းများအလိုက် သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်သော ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီအဖွဲ့ဝင်များနှင့်အတူ မြို့မစည်ပင်သာယာဈေးကြီးအတွင်း၌ ဈေးမီးဘေးလုံခြုံရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရန် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က  ဈေးအတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိသော အထောက်အကူပြုပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ ရေလှောင်ကန်များ၌ ရေဖြည့်တင်းခြင်း၊ အပေါ့စား မီးငြှိမ်းသတ်စက်များ လက်တွေ့စမ်းသပ်အသုံးပြုခြင်း၊ ဈေးအဝင် အထွက်လမ်းများ၌ သွားလာရေး အဆင်ပြေစေရန် ဈေးဆိုင်ခန်းများတွင် အမိုးအကာများဖြင့် ပိတ်ဆို့ရောင်းချမှု မရှိစေရေး စစ်ဆေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပွင့်လင်းရာသီကာလ ဈေးမီးဘေးလုံခြုံရေးအတွက် ဈေးဆိုင်ခန်းများအလိုက် တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မီးများနှင့်ပတ်သက်ပြီး စနစ်တကျ ကိုင်တွယ်အသုံးပြုကြရန်နှင့် မလိုအပ်ဘဲ လျှပ်စစ်မီးသုံးစွဲခြင်းများကို မပြုလုပ်ကြရန် တာဝန်ရှိသူများကို အသိပေးဆွေးနွေး မှာကြားခဲ့သည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့မစည်ပင်သာယာဈေးအတွင်း သန့်ရှင်းသာယာရေး ပေါင်းမြက်များ ရှင်းလင်းခြင်း၊ စွန့်ပစ် အမှိုက်ကန်ရှိ အမှိုက်သရိုက်များ သိမ်းဆည်းခြင်း၊ စည်ပင်သာယာဈေးနှင့် ပွင့်မာလာပန်းခြံအနီး ရေနုတ်မြောင်းများရှိ အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်း စသည့် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများကို အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)