မော်လိုက် ဧပြီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဆင်းပွဲကို ခရိုင်ကျန်းမာရေးဦးစီးဌာန၊ လူနာစောင့် နားနေဆောင်၌ ယမန်နေ့ ညနေ (၄)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် ဆရာဝန်ကြီးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားရာ၌ ရှေးဦးပြုစုခြင်း သင်တန်းတက်ရခြင်း၏ ကောင်းကျိုးများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။ ထို့နောက် ခရိုင်ကျန်းမာရေးဦးစီးဌာန ဒေါက်တာကျော်စိုးက ရှေးဦးပြုစုခြင်းသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့ကြသည်။ ယင်းနောက် သင်တန်းသူ မသီရိခိုင်က သင်တန်းသား/ သင်တန်းသူများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းသူ/ သင်တန်းသားများက ရှေးဦးပြုစုခြင်းနည်းဖြစ်သော လက်ကျိုးလျှင် ကုသနည်း၊ လည်ပင်း စောင်းလျှင်ကုသနည်း၊ မျက်စိထိခိုက်မိလျှင် ကုသနည်းများကို သရုပ်ပြခဲ့ကြသည်။
ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၃)ကို (၅.၄.၂၀၂၃)ရက်နေ့မှ (၁၁.၄.၂၀၂၃) ရက်နေ့ အထိလည်းကောင်း၊ အမှတ်စဉ် (၂/၂၀၂၃)ကို (၁၉.၄.၂၀၂၃) ရက်နေ့မှ (၂၅.၄.၂၀၂၃) ရက်နေ့အထိလည်းကောင်း ဖွင့်လှစ်ခဲ့ရာ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၂၈)ဦး တက်ရောက်ခဲ့ကြပြီး ဧပြီ ၂၆ရက်နေ့က စုပေါင်းသင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လိုက်ခရိုင်(ပြန်/ဆက်)