မြို့သစ်မြို့နယ် အမှတ်(၁၇)ကာကွယ်ရေး ပစ္စည်းစက်ရုံ၊ စက်ရုံမှူး မြို့သစ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

မြို့သစ် ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် အမှတ်(၁၇) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ စက်ရုံမှူး၊ ဗိုလ်မှူးကြီးသိန်းလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် အမှတ်(၁၇) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ စက်ရုံမှူး၊ ဗိုလ်မှူးကြီးသိန်းလွင်က မြို့သစ်မြို့နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်ဖို့အတွက် ယခုလို တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာများမှဆောင်ရွက်သည့် လုပ်ငန်းများတွင် လိုအပ်ပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အခြေခံ အဆောက်အအုံလိုအပ်ချက်၊ MSMEလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့် အခြားလုပ်ငန်းများဆောင်ရွက်ပါက (ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေး) သတ်မှတ်၍ လုပ်ငန်းများဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းအခက်အခဲ ကြန့်ကြာမှုများရှိပါက သတင်းပေးပို့ရန်လိုအပ်ပါကြောင်း၊ မြို့နယ်အတွင်းစား၊ ရေ၊ ရိက္ခာဖူလုံစေရေးအတွက် သုံးရေ၊ စိုက်ပျိုးရေသည်အဓိကဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံသည် အဓိကဖြစ်သည့်အတွက် ဆီထွက်သီးနှံများများ စိုက်ပျိုးရန်လိုကြောင်း၊ စိုက်ရေးပျိုးရေးတွင် မျိုး၊ မြေ၊ ရေ၊ နည်းပညာသည် အရေးပါသည့်အတွက် တောင်သူများနှင့်ထိတွေ့၍ ကွင်းဆင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ဒေသတွင်းနယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ အသီးသီးက ၎င်းတို့ဌာနအလိုက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား တစ်ဌာနချင်းအလိုက် ဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်   (ပြန်ဆက်)