အုတ်ဖိုမြို့၌ world immunization week အဖြစ်  ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက်

အုတ်ဖို ဧပြီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် အိုးသည်ကုန်းတိုက်နယ်ကျန်းမာရေးဌာနတို့တွင် world immunization week အဖြစ် ယနေ့နံနက် ၉ နာရီအချိန်က ၂ လမှ ၃ နှစ်အရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းများတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးသက်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကလေးများအား ဘီစီဂျီကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်(ဘီ)ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုးကာ ကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းများကို ကျန်းမာရေးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

၎င်းပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းကို ဧပြီလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်သူ အုတ်ဖို