လောင်းလုံး အောက်တိုဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို လောင်းလုံးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာမှုအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ၊ ဦးစိုးသိမ်းနှင့် ကော်မရှင်အဖွဲဝင်များက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ဒုတိအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားခြင်းနှင့်ပတ်သက်၍ လောင်းလုံးမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဦးစိုးသိမ်းကလိုအပ်သည်များမှာကြားခဲ့ပြီး မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၄ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားမည်ဖြစ်၍ အသက်(၁၈)နှစ်ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူများကြည့်ရှုပြီး လိုအပ်ပါက မိမိတို့၏ အမည်များ မဲစာရင်းတွင် ပါဝင်မှု မရှိပါက မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားစဉ်ကာလအတွင်း ပြန်လည် ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ပေးရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် သတ်မှတ်ပုံစံများဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။
လောင်းလုံးမြို့နယ်တွင် ဒုတိယအကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင်စာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ (၁၂၅၀၁၄) ဦးရှိပြီး မဲရုံပေါင်း (၁၁၂) ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ကော်မရှင် အတွင်းရင်းမှူး၊ ဒေါ်ဝင်းဝင်းထက်ထံမှသိရသည်။
သိန်းသိန်း(ပြန်/ဆက်)