မအူပင်မြို့တွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်း တိုင်းရင်းသား​ရေးရာဝန်ကြီး တက်ရောက်ဖွင့်လှစ်

မအူပင် ဧပြီ ၂၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသား​ရေးရာဝန်ကြီး၏ ဦး​ဆောင်မှုဖြင့် မအူပင်ခရိုင်၊ မအူပင်မြို့တွင် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်းဆိုင်ရာ နည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေ့ဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်မှ အဖွင့် အမှာစကားပြောကြားရာတွင် တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်စွာ​နေထိုင်ပြီး မိမိတို့ ၏ စကား၊ စာ​ပေ၊ အနုပညာ၊ ယဥ်​ကျေးမှုဓ​လေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ကြ​စေလို​ကြောင်း လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်​​စေရန် စိုက်ပျိုး​မွေးမြူ​ရေးလုပ်ငန်းများ​ဆောင်ရွက်ရာ တွင်လည်း သက်ဆိုင်ရာဌာနများနှင့် ပူး​ပေါင်း​ဆောင်ရွက်ကြရန် မှာကြားပါသည်။ ၎င်းနောက် မအူပင်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးမှ မိတ်ဆက်စကားပြောကြားပြီး တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တိုင်းတာဝန်ခံ ဒေါ်စန်းမှ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်း ဆောင်ရွက်ချက် များအား ရှင်းလင်းပြောကြားသည်။ ၎င်းနောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းတာဝန်ခံ ဒေါ်အေးကျော့ရီမှ မိမိတို့ ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးနှင့် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးတို့က အသိပညာပေး ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မအူပင်ခရိုင် မြေအသုံးချရေးဌာနခွဲ တာဝန်ခံ၊ မျိုးစေ့ဌာနခွဲ တာဝန်ခံနှင့် သီးနှံ ကာကွယ်ရေးဌာနခွဲ တာဝန်ခံများက အသီးသီးအသိပညာပေး ရှင်းလင်းပြောကြားပြီး သင်တန်းများပို့ချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)