ကေ့ာကရိတ် ဧပြီ ၂၇
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီကာလအတွင်း အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သောရောဂါများ၊ အပူဒဏ်ကာကွယ်နိုင်ရန်အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အပူဒဏ်အန္တရာယ်ခံစားရပါက အရေးပေါ်ရှေးဦးပြုစုနည်းအား အများပြည်သူသိရှိနိုင်ရန်ရည်ရွယ်၍ “အပူဒဏ်အန္တရာယ်ကာကွယ်ရေး” အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သင်းမြတ်သော်နှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဇင်မာအေးတို့မှ ဆောင်ရွက်ခဲ့ရာ အပူဒဏ်အန္တရာယ်ကို ကာကွယ်ရမည့်နည်းလမ်းများ အပူဒဏ်အန္တရာယ်ကိုကာကွယ်ရန် လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန် အချက်အလက်များ၊ အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါလက္ခဏာများ စသည့်အပူဒဏ်ကာကွယ်ရေးနှင့် ပတ်သက်သည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်း စသည့် အပူဒဏ်အန္တရာယ်ခံစားရသော လူနာအားတွေ့ရှိပါက အရေးပေါ်ရှေးဦးပြုစုခြင်းများ ဆောင်ရွက်၍ နီးစပ်ရာကျန်းမာရေးဌာနတွင် အချိန်မီသွားရောက် ပြသရန်လိုအပ်ကြောင်း အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)