မြိတ် ဧပြီ ၂၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း၊ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့က မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြသည်။
ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ၏ အားသာချက် အားနည်းချက်များကို ကျေးရွာအချင်းချင်း ကျေးရွာသူ/သားများ၏ အတွေ့အကြုံများ ဆွေးနွေးဖလှယ်ပြီး အားသာချက်၊ အားနည်းချက် အကြံပြုချက်များရယူခြင်းဖြစ်၍ ရရှိလာတဲ့ အကြံပြုချက်များမှ အားနည်းချက်များကို ပြင်ဆင်ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် သုံးသပ်ဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးက အဖွင့် အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ အားသားချက်၊ အားနည်းချက်များကို ဆွေးနွေးအကြံပြုပေးကြရန် ပြောကြားပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ကျေးရွာများမှ ကျေးရွာသူ/သားများက အစုအဖွဲ့အလိုက် ဆွေးနွေးခဲ့ကြသည်။
သုံးသပ်ဆွေးနွေးရာတွင် မြစိမ်းရောင်စီမံကိန်း (၂၀၁၄-၂၀၁၅)ခုနှစ်မှ (၂၀၂၂-၂၀၂၃)ခု ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ(၂၇)ရွာ၌ ဆောင်ရွက်ခဲ့သည့် စီမံကိန်း(၂၀)၊ (၂၀၂၂-၂၀၂၃)ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၁၇)ရွာ၌ ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းနှင့် ကျေးရွာ(၁)ရွာ၌ ဆောင်ရွက်ခဲ့သည့် ခေတ်မီ စံပြကျေးရွာထူထောင်ရေးစီမံကိန်းများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု လိုအပ်ချက်၊ အားသာချက်၊ အားနည်းချက်၊ အကြံပြုချက်များဖြင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ပြဿနာများကို ရင်ဆိုင်ကျော်လွှားခဲ့မှုများအား ကျေးရွာအချင်းချင်း အတွေ့အကြုံဖလှယ်ပြီး ရရှိလာသည့် အကြုံပြုချက်များဖြင့် ကျေးရွာ၏ လိုအပ်ချက်များကို ပိုမိုကောင်းမွန်သော စီမံကိန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ယခုနှစ်တွင် မြိတ်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ကျေးရွာ(၉)ရွာ၊ မြစိမ်းရောင်စီမံကိန်းကို ကျေးရွာ(၂)ရွာ၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကို ကျေးရွာ(၁)ရွာ လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )