ငဖဲ ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မိဘပြည်သူများနှင့် ကျောင်းသား/သူ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် မြန်မာ့တစ်ဆယ့်နှစ်လရာသီ ကဆုန်လပြည့်နေ့ဆိုင်ရာ အကြောင်း အရာများကို သိရှိစေရန်ရည်ရွယ်၍ ညောင်ရေသွန်းချိန်ခါ ကဆုန်လပြည့်မဟာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ယုယုသိန်းက ကဆုန်လပြည့်နေ့ဆိုင်ရာ ညောင်ရေသွန်းချိန်ခါ ကဆုန်လပြည့်မဟာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် ကဆုန်လသည် ဒုတိယမြောက်လဖြစ်ကြောင်း၊ ကဆုန်လသည် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဗုဒ္ဓသာသနာနှင့် သက်ဆိုင်သည့် လမြတ်မဟာဖြစ်ကာ ပို၍ ထူးခြားသည်မှာ ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့”အဖြစ် အထူးပြုသတ်မှတ်ခြင်းဖြစ်ကြောင်း၊ ဂေါတမဘုရားအလောင်းတော် သုမေဓာရှင် ရသေ့သည် ဒီပင်္ကရာ ဘုရားထံမှ ဤဘဒ္ဒကမ္ဘာတွင် ဘုရားဖြစ်မည်ဟု နိယတဗျာဒိတ် ခံယူတော်မူ သည့်နေ့သည် ကဆုန်လပြည့် နေ့ဖြစ်ခြင်း၊ မဟာသက္ကရာဇ် ၆၈ ကဆုန်လပြည့်နေ့တွင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၀၃ ကဆုန်လပြည့်နေ့တွင် သဗ္ဗညုတဉာဏ်တော်ရရှိကာ ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၄၈ ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဉယျာဉ်၌ ပရိနိဗ္ဗာန် စံတော်မူခြင်းတို့ကို ဝိသေသထူးအဖြစ်ခံယူလျက် “ဖွားမြင်ပွင့်စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန်၊ လပြည့်ကြုံ” ဟု စာပန်းချီချယ်သခဲ့ကြောင်းနှင့် ဒုတိယဦးစီးမှူးဒေါ်မြတ်မြတ်မော်က ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့တွင် ကုသိုလ်ကောင်းမှုပြုလုပ်ကျင်းပမှုနှင့် ဘုရားရှင်သဗ္ဗညုတဉာဏ်တော်ရရှိခဲ့သည့်နေရာဖြစ်သော မဟာဗောဓိညောင်ပင်ကို ရေသွန်းလောင်းကာ ကုသိုလ်ယူဆောင်ရွက်မှုဆိုင်ရာများကို အသိပညာပေး ဆွေးနွေးပြောကြား သည်။
ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့်ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်အတွက် အသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူး၍ Online မှတစ်ဆင့် လစဉ်ပုံမှန် ထုတ်လွှင့်တင်ဆက် ပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)